ရွှေ့ပြောင်းဒုက္ခ

March 6, 2020

ကျမတို့ ဂရိကိုကူးသွားမလို့ပါ။ အအေးတောထဲ  နှစ်ညလုံး နေရတယ်၊ စားစရာဘာမှ မရှိဘူး - ရွှေ့ပြောင်းဒုက္ခသည်တဦး

ဂရိရေပြင်  ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို အာဏာပိုင်တွေက မောင်းထုတ်နေပေမယ့်လည်း ရွှေ့ပြောင်းဒုက္ခသည်တွေကတော့ ရာသီဥတုအခြေအနေကို ကြည့်ပြီး  ဂရိကို သွားဖို့ စိုင်းပြင်းနေပါတယ်။  မတ်လ ၂ ရက်က တူရကီကနေ ဂရိနိုင်ငံကို ဝင်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည် လှေတစီးကို  ဂရိအာဏာပိုင်တွေက ရေထဲ သေနတ်ပစ်ခတ်ပြီး တူရကီဆီ ပြန်မောင်းထုတ်ခဲ့တယ်လို့ တူရကီ အရာရှိတဦးက ပြောပါတယ်။  အဲဒီနေ့က ဂရိလက်စ်ဘို့စ်ကျွန်းအလွန်မှာ လှေတစီးမှောက်ခဲ့ပြီး ကလေးတယောက် သေဆုံးခဲ့တယ်လို့ ဂရိအာဏာပိုင်တွေက ဆိုပါတယ်။  ဒါဟာ ဥရောပသွားမယ့် ဒုက္ခသည်တွေကို တူရကီက နယ်စပ်ဖွင့်လိုက်ပြီးနောက်မှာ ပထမဆုံး သေဆုံးမှုလည်း ဖြစ်ပါတယ်။  “ကျမတို့က ဂရိကို ကူးသွားမလို့ပါ။ အအေးတောထဲမှာ  နှစ်ညလုံးလုံး နေရတယ်။ စားစရာ မရှိ၊ ဘာဆိုဘာမှ မရှိဘူး။ ကလေးတွေအကုန်လုံး ဗိုက်ဆာနေကြတယ်။ ဂရိတွေက သူတို့ဆီ လာခွင့် မပေးဘူးလို့ ပြောသံကြားတယ်။ သူတို့က လှေတွေကို သေနတ်နဲ့ပစ်တယ်။ လူတွေကို ပစ်သတ်မှာလေ” လို့ အာဖဂန်ရွှေ့ပြောင်းဒုက္ခသည် ယာဒါ ယူဆွတ်ဖီက ပြောပါတယ်။  မတ်လ ၁ ရက်ကစလို့  ဂရိပိုင် အေဂျီယန်ကျွန်းတွေကို ရောက်နေတဲ့ ရွှေ့ပြောင်းဒုက္ခသည် တထောင်ထက် မနည်းရှိတယ်လို့ ဂရိရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။  ဒါဟာ ဆီးရီးယားစစ်ပွဲကြောင့် တူရကီမှာ ခိုလှုံနေတဲ့  ဒုက္ခသည် ၃ ဒသမ ၆ သန်းထဲက အရေအတွက် အနည်းငယ်သာ ဖြစ်ပါတယ်။  အခုလို နယ်စပ်ဖွင့်လိုက်တဲ့  တူရကီသမ္မတ အာဒိုဂန် လုပ်ရပ်ဟာ ဥရောပကို ဂယက်ရိုက်ပြီး ဒုက္ခသည်တွေ ဝင်လာတဲ့အပေါ်မှာ စိတ်ပျက်ဒေါသဖြစ်တာတွေ ပေါ်ပေါက်လာစေတယ်လို့ သိရ ပါတယ်။ 
1 year Ago
Up