ရွှေ့ပြောင်း

August 23, 2020

ရေးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် အနိမ့်ပိုင်း လူနေအိမ်အချို့ ရွှေ့ပြောင်း

မွန်ပြည်နယ် ရေးမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံတာကြောင့် အနိမ့်ပိုင်း ရပ်ကွက်တွေက အိမ်ထောင်စုအချို့ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။ မိုးအဆက်မပြတ်ရွာပြီး ရေးချောင်းဖျားဒေသ တောင်ကျရေတွေ တဖြည်းဖြည်းနဲ့ ဆင်းလာတာကြောင့် ရေကြီးရေလျှံမှုဖြစ်လာပြီး နေအိမ်အချို့ ရွှေ့ပြောင်းခဲ့ရတာပါ။ မြို့ပေါ်ရပ်ကွက်အချို့မှာလည်း ရေစတင်ဝင်ရောက်နေပြီး အနိမ့်ပိုင်းရပ်ကွက်နေသူတွေကို တာဝန်ရှိသူတွေက လိုက်လံသတိပေးနေတယ်လို့ သိရပါတယ်။ ရေးမြို့နယ် ကျောင်းရွာဘက်မှာ ရေက ၇ ပေမြင့်တက်လာတာကြောင့် အနိမ့်ပိုင်း အိမ်တွေ ရွှေ့ပြောင်းနေကြဖို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ မနေ့ညက ရေးမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တချို့ လူနေအိမ်တွေအထိ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ အနိမ့်ပိုင်း နေအိမ် ၁၀ လုံးလောက်က အိမ်ထောင်စုတွေကို ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။ မွန်ပြည်နယ် မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်တို့မှာလည်း ရေကြီးနေပြီး အိမ်ထောင်စုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရတယ်လို့ သိရပါတယ်။
9 months Ago

July 27, 2020

ဗီယက်နမ်တွင်  လူ ၃ ဦး ကိုဗစ်-၁၉  ကူးစက်ခံရပြီးနောက် လူပေါင်းသောင်းချီ ရွှေ့ပြောင်း 

ဗီယက်နမ်နိုင်ငံတွင်း ပြည်တွင်းခရီးသွားတွေကြား လူကြိုက်များတဲ့ ဒါနန်းမြို့မှာ သီတင်းပတ်ကုန်ရက်က ဒေသခံ ၃ ဦး ကိုဗစ်-၁၉  ကူးစက်ခံရအပြီး လူအယောက် ၈၀၀၀၀ လောက်ကို  ဘေးကင်းရာ ရွှေ့ပြောင်းခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ ဧပြီလက စပြီး ဇူလိုင် ၂၅ရက်အထိ ပထမဆုံး ကူးစက်မှုကို အစိုးရက အတည်ပြုအပြီး ဇူလိုင်၂၆ ရက်က နောက်ထပ် ၃  ဦးကူးစက်ခံအပြီးမှာ ကျန်းမာရေး တပ်လှန့် ခဲ့တာပါ။ ရောဂါကူးစက်ခံ အားလုံးဟာ ဒါနန်းမြို့ထဲနဲ့ မြို့ဝန်းကျင်ကဖြစ်လို့ မြို့ထဲက လူ ၈၀၀၀၀ လောက်ကို ဒါနန်းမြို့ကနေ တခြားမြို့ ၁၁မြို့ဆီ နေ့စဉ် လေကြောင်းခရီးစဉ် ၁၀၀ နဲ့ ပြည်တွင်း လေးကြောင်းလိုင်းကို သုံးပြီး  လေးရက်ကြာ ရွှေ့ပြောင်း မယ်လို့ အစိုးရက ကြေညာချက် ထုတ်ပြန် ပြောပါတယ်။ ဗီယက်နမ်ဟာ ကိုဗစ်-၁၉ ကူးစက်မှုအတွင်း ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ခဲ့သလို တင်းကြပ်တဲ့ ရောဂါခြေချုပ် လုပ်ဆောင်ချက်တွေ ချမှတ်ခဲ့လို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြုလူနာ အယောက် ၄၂၀ သာ ရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ပါဘူး။ ဒါနန်းမြို့ကနေ ပြန်လာတဲ့ ဗီယက်နမ်ရဲ့ တခြားဒေသတွေက လူတွေဟာ အိမ်မှာ ၁၄ရက် ရောဂါခြေချုပ်နဲ့ နေကြဖို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောထားပါတယ်။ နိုင်ငံတွင်း တရားမဝင် ပြန်ဝင်လာသူတွေကို နှိမ်နင်းဖို့ ဝန်ကြီးချုပ်က ရဲတွေကို အမိန့်ပေး ထားပါတယ်။ တရုတ်ကနေ ဗီယက်နမ်နိုင်ငံထဲကို တရားမဝင် လာမယ့် လူတွေကို ကူညီနေတဲ့ ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် တယောက် ဖြစ်တဲ့ အသက် ၄၂နှစ်အရွယ် တရုတ်အမျိုးသားကို ဒါနန်းမြို့ ရဲတပ်ဖွဲ့ က ဖမ်းထားပြီလို့ အစိုးရ မီဒီယာက ဇူလိုင် ၂၆ရက်မှ ထုတ်လွှင့်ပါတယ်။ တရုတ်နယ်စပ် ဗီယက်နမ် ခရိုင်ဟာဇမ်းက အာဏာပိုင်တွေဟာ မေလတည်းက ခုထိ ဒီခရိုင်ထဲကို တရားမဝင် ဝင်လာတဲ့ လူ အယောက် ၁၅၀၀ကျော်ကို ဖမ်းခဲ့ပြီးပြီလို့ အစိုးရက ဇူလိုင် ၂၇မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဖမ်းမိသူ အများစုက ဗီယက်နမ် နိုင်ငံသားတွေ ဖြစ်ပြီး သူတို့ကို ရောဂါ ခြေချုပ်နဲ့ ထိန်းသိမ်းထားတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။. 
10 months Ago
Up