ရွှေသောင်ယံ

April 4, 2021

ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ ကမ်းခြေများတွင် ငါးဖမ်းမထွက်ရန်တားဖြစ်၊လက်နက်ကြီး ပစ်သံများ စတင်ကြားရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းက ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ ငွေဆောင်နဲ့ ရွှေသောင်ယံကမ်းခြေမှာ နေထိုင်တဲ့ ဒေသခံတွေ ပင်လယ်ပြင်ထွက်ငါးဖမ်းမထွက်ဖို့ တားမြစ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ပင်လယ်မြင်မှာ ရေပေါ်ရေအောက် စစ်ရေးလေ့ကျင်တာတွေ ပြုလုပ်မှာမလို့ ပင်လယ်ပြင်ထွက်ပြီး ငါးရှာတဲ့ စက်လှေတွေကို ဧပြီလ ၄ ရက်ကနေ ၆ ရက်နေ့ထိ မထွက်ဖို့ ပြောထားတာလို့ ဒေသခံတွေက ပြောပါတယ်။

"လိုက်ပြီးတော့ပြောတာကတော့ ပင်လယ်ပြင်မထွက်ဖို့ ခုရက်ထဲ ဒီမှာက ရေလုပ်ငန်း လုပ်ကြတာများတော့ တစ်ယောက်နဲ့ တစ်ယောက်လည်းပြောရတာပေါ့ သိပ်မကြာဘူး။ ဒီမနက်ပဲ ပေါက်ကွဲတဲ့ အသံတွေ စကြားရတာပဲ” လို့ ရွှေသောင်ယံကမ်းခြေ ဒေသခံ ၁ ဦးက DVB ကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ဆင်ဖြူရှင် စစ်ဆင်ရေးလေ့ကျင့်တာကို ဧပြီ ၄ ရက်နေ့ကနေ ဧပြီ ၁၁ ရက်နေ့အထိ ငွေဆောင်အနီး ၁၅ မိုင်ဧရိယာအတွင်း ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနဲ့ ပစ်ခတ်မှုလေ့ကျင့်ခန်းတွေ လုပ်ဆောင်သွားမယ်လို့ ဝါဒဖြန့်သတင်းစာမှာ ကြေညာထားပြီး ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးပေါက်ကွဲသံ ၆ ခါလောက်ကြားရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဒါဟာ စစ်ရေးအရ ကြိုတင်ပြင်ဆင်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ ပြောဆိုပါတယ်။

၂၀၂၀ ခုနှစ်အတွင်းက အကြမ်းဖက်စစ်အုပ်စုက ကြီး၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးကို ရွှေသောင်ယံကမ်းခြေဒေသမှာလာရောက် ပြုလုပ်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမေရိကန်၊ ပြင်သစ်၊  ဩစတြေးလျ၊ ဂျပန်နဲ့ အိန္ဒိယရေတပ်တို့ ပူးပေါင်း ပါဝင်မယ့် ရေတပ်စစ်ဆင်ရေးလေ့ကျင့်မှုကို လာမယ့် ဧပြီ ၅ ရက်မှ ၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပြုလုပ်မယ်လို့ အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

2 weeks Ago

February 26, 2020

ရွှေသောင်ယံတွင်ဖမ်းမိသည့် ဘင်္ဂါလီ ၄၄ ဦးကို ရုံးထုတ်စစ်ဆေး

ရွှေသောင်ယံကမ်းခြေမြို့ ပေါက်လှချိုင်ကမ်းခြေမှာ ဖမ်းမိခဲ့တဲ့ ဘင်္ဂါလီတွေကို  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တရားရုံးမှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်က ရုံးထုတ် စစ်ဆေးပါတယ်။ ဖမ်းမိခဲ့တဲ့ ဘင်္ဂါလီ ၄၈ ဦးအနက် NVC ကတ်ကိုင်ဆောင်ထားတဲ့သူ ၃ ဦးနဲ့ ကလေးငယ်တဦးကလွဲပြီး ကျန်တဲ့သူအားလုံးကို ပုသိမ်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်တယ်လို့  ပုသိမ် မြို့နယ်တရားသူကြီးကပြောပါတယ်။ "ဒီနေ့ကတော့ သူတို့ကို ရက်ပေါင်း ၁၈၀ အတွင်း စစ်ဆေးမယ်ဆိုတဲ့အကြောင်း ပြောပြတာပေါ့၊ သူတို့ဘက်ကလည်း ရှေ့နေ့လိုက်ပါဆောင်ရွက်မယ့်သူတွေ ပါဝါတင်တာ ဒီနေ့ရုံးချိန်းကတော့ ဒီလောက်ပါပဲ'' လို့ ပုသိမ်မြို့နယ်တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက် ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးခဲ့တဲ့ ရုံးချိန်မှာ ဖမ်းမိတဲ့ ဘင်္ဂါလီတွေကို မြို့နယ်တရားသူကြီးက  သူတို့ရဲ့အမှုနဲ့ပတ်သက်ပြီး လာမယ့် မတ်လ ၄ ရက်နေ့ မှာ စတင်စစ်ဆေးမယ်လို့ ပြောဆိုခဲ့တာပါ။ အဆိုပါဘင်္ဂါလီ ၄၄ ဦးကို ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာ နိုင်ငံအတွင်းနေထိုင်သူများမှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ ၆(၁)၊ ၆(၂)၊ ၆(၃) တို့နဲ့ တရားစွဲဆို ခဲ့တာလို့ မြို့နယ်တရားရုံးရဲ့ မှတ်တမ်းအရ သိရပါတယ်။ ဧရာဝတီတိုင်းရဲ့ အနောက်ဘက်ကမ်းခြေဒေသတွေဟာ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ် ထိစပ်နေတာတွေကြောင့် ကုန်လမ်းကရော ရေလမ်းကပါ တရားမဝင်ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေကို မကြာခဏဖမ်းဆီးရမိနေတာဖြစ်ပြီး  ဖမ်းမိသူတွေကို တရားစွဲဆိုထောင်ချတာတွေ နေရပ်ပြန်လည်ပို့ဆောင်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။ မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up