ရွှေလီမြို့

A d v e r t i s e m e n t With Us

December 30, 2020

ရွှေလီမြို့၌ မြန်မာယာဉ်မောင်း ၄၀ ကျော်ကို တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေး

တရုတ်နိုင်ငံ ရွှေလီမြို့မှာ မြန်မာနိုင်ငံသား အစားထိုးယာဉ်မောင်း ၄၁ ယောက်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် အခမဲ့ထိုးနှံပေးလိုက်တယ်လို့ နှစ်နိုင်ငံနယ်စပ် ကုန်စည်ဒိုင်တွေထံကနေ သိရပါတယ်။ ဒီဇင်ဘာလ၂၈ ရက်နေ့က မူဆယ်မြို့နယ်၊ ကြူကုတ် (ပန်ဆိုင်း)မြို့ဘက်ရှိ ကျင်စန်း​ကျော့နဲ့ ဝမ်တိန်ဂိတ်က အစားထိုးမြန်မာယာဉ်မောင်း ၂၃ ယောက်နဲ့  ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ မူဆယ်မြို့၊ မန့်ဝိန်းဂိတ်က အစားထိုး မြန်မာယာဉ်မောင်း ၁၈ ယောက် စုစု​ပေါင်း ၄၁ ယောက်ကို တရုတ်ဘက်က ကာကွယ်ဆေး ထိုးနှံပေးခဲ့တာပါ။ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက “မြန်မာနိုင်ငံသား အစားထိုးယာဉ်မောင်း ၄၁ ဦး ကို ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် အနေနဲ့ ထိုးပေးလိုက်တယ်။ ဒီ ၄၁ ဦးကို ၂၁ ရက်ကြာလို့ရှိရင် ဒုတိယအကြိမ် အဖြစ် ဆက်လက် ထိုးပေးပါလိမ့်မယ်။ ၄၁ ယောက်က ကျင်စန်းကျော့ အဝင်အထွက်ဂိတ်က (ဝမ်တိန်ဖရဲကွင်းမှ)  အစားထိုး ယာဉ်မောင်း ၂၃ ဦး၊ မန့်ဝိန်းပေါက် အဝင် အထွက်ဂိတ်က အစားထိုးယာဉ်မောင်း ၁၈ ဦး အားလုံး ပေါင်း ဂိတ် ၂ ဂိတ်ကို ပထမ အကြိမ်အနေနဲ့ စတင် ထိုးနှံ ပေးထားပါတယ်။” လို့ ဒီဗွီဘီကို ပြောပါတယ်။ အစားထိုး မြန်မာယာဉ်မောင်း ၄၇ ယောက်ကို ကာကွယ်ဆေးထိုးဖို့ မူလကစီစဉ်ခဲ့ပေမဲ့  ၆ ယောက်က မထိုးလိုက်ရတဲ့အကြောင်းနဲ့  ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် တရုတ်နိုင်ငံကပဲ ကုန်ကျစရိတ် ကျခံခဲ့တယ်လို့ဆိုပါတယ်။ ကာကွယ်ဆေးမထိုးခင် ကျန်းမာရေး စစ်ဆေးမှုတွေ အရင်ပြုလုပ်ပြီး ဆီးချို၊ သွေးချိုနဲ့ တခြားရောဂါအခံတွေရှိပါက ကာကွယ်ဆေးထိုးခွင့် မရှိပါဘူး။ နှစ်နိုင်ငံအကြားတိုက်ရိုက် ထိ​တွေ့မှုရှိတဲ့ အစားထိုး ယာဉ်မောင်းတွေကိုသာ ကာကွယ်ဆေး ထိုးပေးတာလို့လည်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်တာရှိသူတွေက  ပြောပါတယ်။ နှစ်နိုင်ငံအဝင်၊ အထွက်ဂိတ်ဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်နဲ့ ဝမ်တိန်ဂိတ်မှာ အစားထိုး ယာဉ်မောင်း ၆၀ ကျော်နဲ့ မန့်ဝိန်းဂိတ်မှာ အစားထိုး ယာဉ်မောင်း ၉၀ ရှိတယ်လို့ မူဆယ်ခရိုင် ပြန်/ဆက် ကနေ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက် ဖွင့်ထားတဲ့ကုန်သွယ်ရေးဂိတ်တွေကတော့ မန့်ဝိန်း၊ နန်း​တော်၊ ဆင်ဖြူ၊ ကျင်စန်းကျော့နဲ့ ဝမ်တိန် တို့ဖြစ်ပါတယ်။ မန့်ဝိန်းဂိတ်က​တော့ ဆန် ဆန်ကွဲ၊ ​ပြောင်းနဲ့ တခြားကုန်​ခြောက်တွေတင်ပို့ပြီး ကျင်စန်း​ကျော့နဲ့ ဝမ်တိန်ဂိတ်ဘက်က​တော့ ငါးရှဉ့်၊ ဂဏန်း၊ ဖရဲ၊ သခွား စတဲ့ ကုန်စိမ်း​တွေ တင်ပို့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် လက်ရှိမှာ ဝမ်တိန်၊ ကျင်စန်းကျော့နဲ့ မန်ဝိန်း ၃ ဂိတ်မှာ အစားထိုးယာဉ်မောင်းစနစ်နဲ့ တရုတ်ဘက်က လက်ခံပြီး အချိန်နဲ့ ကုန်သွယ်ခွင့် ပေးထားပါတယ်။ သတင်း - Pra Jaw
2 months Ago

September 15, 2020

ရွှေလီမြို့ကို Lockdown လုပ်ထားသဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ထိခိုက်

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ့ရှိခဲ့လို့ ရွှေလီမြို့ကို Lockdown ပြုလုပ်ထားတာကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ထိခိုက်ကျဆင်းမှု ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ရွှေလီမြို့မှာ အခုလ ၁၂ ရက်နေ့က ပိုးတွေ့လူနာကို တွေ့ရှိခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်ကနေစပြီး ရွှေလီမြို့ကို သီတင်းပတ် တစ်ပတ်ခန့်ကြာ ဝင်ထွက်သွားလာခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင်ကို ရွှေလီတစ်မြို့လုံးကိုလည်း Stay at Home (Q) ဝင်ကြဖို့လည်း ကြေညာထားတာပါ။ လက်ရှိ မူဆယ်မြို့ရဲ့ ကုန်သွယ်ရေးအခြေအနေနဲ့ပတ်သက်ပြီး မြို့ခံစိုင်းခိမ်ခမ်းက “သူတို့ လော့ဒေါင်းချပြီးတဲ့နောက် ဒီကနေ့ ကုန်ပစ္စည်းတွေ ဝင်လာလို့မရဘူးလို့ သိရတယ်ခင်ဗျ။ ခါတိုင်း ဆိုရင် နှစ်နိုင်ငံ အဝင်အထွက်ပစ္စည်းတွေကို စစ်ဆေးရတယ်လေ။ သူတို့ ဘက်က လော့ဒေါင်းချပြီး စစ်ဆေးရေးဘက်က အလုပ်မဆင်းရင်တော့ ကုန်ပစ္စည်းအဝင်အထွက်လုပ်လို့ မရဘူးပေါ့။ ဒီလို အချိန်မှာ အရောင်းအဝယ်တွေ ခါတိုင်းထက်ပိုကျသွားမှာကတော့ သေချာတယ်”လို့ ပြောပါတယ်။ မူဆယ်ဂရုဏာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ  ဦးသောင်းထွန်းကတော့ နယ်စပ်ကုန်သွယ်မှုတွေ ကျဆင်းသွားဖွယ်ရှိတယ်လို့ ပြောပါတယ်။  “တရုတ်ဘက်က အဝင်အထွက်ပိတ်ထားတော့ မူဆယ်မှာ အရောင်းအဝယ်သက်ရောက်မှု ရှိတာတော့ကြာပြီပေါ့နော် မနေ့က သူတို့မြို့ကို လော့ဒေါင်းချလိုက်တာတော့ ကုန်စည်း ပို့ဆောင်စီးဆင်းမှုက တော်တော်လေးပြန်ရပ်သွားမယ်။ ကားအဝင်အထွက်ကိစ္စတွေ တော်တော် ရပ်သွားမယ်ထင်တယ်ဗျ။ ”  ရွှေလီမှာ ရောဂါပိုးစစ်ဆေးပြီးမှသာ ပြန်ဖွင့်ပေးမှာ ဖြစ်တယ်လို့သိရပြီး၊ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းတွေကို ဆိုင်းငံ့ထားတာကြောင့်နှစ်နိုင်ငံကုန်ပစ္စည်း တင်သွင်း၊ တင်ပို့မှုတွေ ရပ်ဆိုင်း  သွားတာဖြစ်ပါတယ်။ မူဆယ်နယ်စပ်ဂိတ်မှာတော့ ကုန်ကားတွေကို ပုံမှန် သွားလာခွင့်ပြုထားပြီး ကြယ်ဂေါင်အထိ ဝင်ရောက် သွားလာနိုင်တယ်လို့သိရပါတယ်။  ရွှေလီနဲ့ကပ်နေတဲ့ မူဆယ်မြို့ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး မူဆယ် ဒေသခံ SNLD လွှတ်တော်အမတ် စိုင်းကျော်သိန်းကလည်း “နှစ်နိုင်ငံနယ်စပ်ဂိတ်မှာ လူဝင်လူထွက်ပိတ်ထားတာ တော့ ပြီးခဲ့တဲ့ ဧပြီလကတည်းကပါပဲ။ တဘက်နိုင်ငံက လွှဲပေးတဲ့ လွတ်ရက်စေ့အကျဉ်းသားတွေပဲ ဝင်လာလို့ရတယ်။ ကုန်ပစ္စည်းတွေတော့ ပို့လို့ရတယ်။ ဒီဘက်က ကုန်ကားကို နယ်စပ်ဂိတ်ထိ မောင်းသွားပြီး ဟိုဘက်ကနေ ကုန်ကားကို လာမောင်းသွားတယ်။ ပြီးရင် ကားအလွတ်ကို ပြန်လာ ပို့တယ်။ မူဆယ်ဘက်မှာ ပိုးတွေ့ သူကတော့ ကွာရန်တင်းစင်တာက ဖြစ်လို့ မြို့သူမြို့သားတွေ အနေနဲ့ အထူးတုန်လှုပ်သွားတာ တော့မရှိပါဘူးခင်ဗျာ၊ ဒါပေမဲ့ ရောဂါကာကွယ်ရေးကိုတော့ ပေါ့ဆလို့မရဘူးပေါ့ ”လို့ ပြောပါတယ်။ မူဆယ်မြို့မှာ ကွာရန်တင်းဝင်နေတဲ့ တရုတ်ပြည်က ပြန်ရောက်လာသူ တစ်ဦးမှာလည်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ခဲ့တယ်လို့ မူဆယ်ဆေးရုံအုပ် ဒေါက်တာ ဟန်နိုင်စိုး က ပြောထား ပါတယ်။  သတင်း- စိုးချစ်ချစ်ပိုင်/ နန်းမြနဒီ
6 months Ago
Up