ရွှေလီမြစ်ရေကြီး

August 19, 2021

ရွှေလီမြစ်ရေကြီးပြီး နမ့်ခမ်းမြို့နယ်ရှိစိုက်ခင်းများ ရေလွှမ်းနေ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်ထဲမှာ အခုရက်ပိုင်း မိုးရက်ဆက်ရွာသွန်းနေတာကြောင့် ရွှေလီမြစ်ရေ တရိပ်ရိပ်တက်နေပြီး ဟင်းသီးဟင်းရွက် သီးနှံစိုက်ခင်းတွေနဲ့ ကြက်မွေးမြူရေးခြံ တချို့လည်း ရေလွှမ်းနေပါတယ်။ 

နမ့်ခမ်းမြို့နယ် မန့်ဆွမ်းရွာမှာဆိုရင်  ပြောင်းခင်း၊ ခရမ်းချဉ်ပင်၊ ဘူးပင်၊ သခွါးပင်တွေ ရေမြုပ်နေသလို ကြက်ခြံတွေလည်း ရေလွှမ်းနေကြောင်း၊ နောက် ၁ ရက် ၂ ရက်အတွင်း မြစ်ရေမကျပါက စိုက်ခင်းတွေ ပျက်စီးဖွယ်ရှိပြီး မြစ်ကမ်းဘေးရှိ ရပ်ရွာတွေထဲလည်း ရေတွေဝင်ရောက်လာနိုင်တယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့်ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မန့်ဆွမ်းရွာသားတစ်ယောက်ကလည်း သူတို့ဆီမှာ မိုးဆက်တိုက်ရွာနေတာ တပတ်လောက်ရှိပြီဖြစ်ကြောင်း၊ ရွှေလီမြစ်ရေကြီးတာကတော့ ခါတိုင်းနှစ်တွေထက်ဒီနှစ် အဆိုး ဆုံးဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

“ မိုးက တစိမ့်စိမ့်ရွာနေတာ တပတ်ကျော်ပြီ ဒီနေ့ပါဆို ၈ ရက်မြောက်ပေါ့၊ မြစ်ရေကလည်း တဖြည်းဖြည်းမြင့်လာတယ်။ နွေရာသီတုန်းကနဲ့စာရင် လူတစ်ရပ်ကျော်တော့ ရှိမယ်ခင်ဗျ။ ကူးတို့ ဆိပ်လည်း ရေနစ်နေတော့ ဘယ်မှသွားလို့လဲမရဘူး။ နဂိုကမှ ကိုဗစ်-၁၉ ရောဂါကြောင့် ရွာကနေ အဝင်အထွက်ပိတ်ထားတာ။ ဒါပေမဲ့ ဈေးမရောင်းရင် ဝင်ငွေလုံးဝမရှိလို့ ၃ ရက်တစ်ခါ ဝင်ထွက်ခွင့်ရဖို့ သက်ဆိုင်ရာကိုခွင့်တောင်းထားတယ်၊ အခုရေကြီးလာတော့ မသွားရမလာရတော့ ပိုခက်ခဲတာပေါ့။ နောက်ထပ် ၂ ရက်ထိ မိုးမတိတ်ရင် စိုက်ခင်းတွေလည်း ပျက်စီးနိုင်တယ်။ ရွာထဲလည်းရေဝင်နိုင်တယ်။  ကျနော်တို့ရွာရယ်၊ ကွန်ကျိုင်းရယ်၊ ကောင်းနောင်ရွာရယ်ပေါ့။ ”

မန့်ဆွမ်းရွာဟာ စိုက်ပျိုးရေးအဓိကလုပ်ကိုင်ပြီး ခြံထွက်သီးနှံတွေကို ခါတိုင်းတရုတ်ပြည်ကို တင်ပို့ရောင်းချပေမယ့် ကိုဗစ်ကြောင့် တရုတ်ဘက်ကို ပို့လို့မရတာ ၂ နှစ်ရှိပြီး နမ့်ခမ်းမြို့ပေါ်နဲ့ ရွာမြောက်ဘက် ကချင်ပြည်နယ်စပ်ဆီသာ သွားရောင်းရကြောင်း၊ ခုလိုဖြစ်တော့ ဘယ်မှမရောင်းနိုင်ဘူးလို့ ဆိုပါတယ်။ 

နောက်ရွာသားတစ်ဦးကလည်း သူတို့ပြောင်းခင်းဟာ ဆွတ်ခူးချိန်တန်ပေမယ့် မိုးရွာပြီး ရေထဲနစ်နေလို့ မခူးနိုင်ကြောင်း၊ ပြောင်းပင်တွေ ရေတိုက်စားသွားမှာလည်း စိုးရိမ်ကြောင်း ပြောပါတယ်။ 

ရွှေလီမြစ်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကနေ မြစ်ဖျားခံပြီး မြန်မာနယ်စပ် မူဆယ်၊ နမ့်ခမ်းမြို့နယ်ဘက်စီးဆင်းတာကြောင့် ဒီထက်ရေကြီးလာရင် အဆိုပါမြို့နယ် ၂ ခုက ဧကပေါင်း ရာနဲ့ချီတဲ့စိုက်ခင်းတွေအတွက် ရေနစ်မြုပ်ပျက်စီးမယ့်အရေး  စိုးရိမ်စရာရှိနေပါတယ်။ 

3 months Ago
Up