ရွှေမှုံရတီ

July 13, 2020

တရက်အတွင်း ကြည့်ရှုသူသန်းချီရှိနေသည့် ရွှေထူးနှင့် ရွှေမှုံရတီ စုံတွဲသီချင်းသစ်(ရုပ်သံ)

(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ) ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး ရွှေမှုံရတီနဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးတို့ စုံတွဲသီဆိုထားကြတဲ့ သီချင်းသစ်တပုဒ်ဟာ ထွက်ရှိပြီး တရက်အတွင်းမှာပဲ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပါတယ်။ “မိုးစက်များကပြောသော” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ရွှေထူးက ရေးစပ်ပေးထားပြီး ဇနီးမောင်နှံ ၂ ယောက်က အတွဲညီညီနဲ့ သီဆိုသရုပ်ဆောင်ထားပါတယ်။ “မိုးရေထဲမှာ ထီးအတူဆောင်း… နှစ်ယောက်လုံးစိုရွှဲကာချစ်တုန်း… လူကြီးတွေ မသိအောင် ဖုန်းတွေပြော… မနက်ခင်းတွေအဓိပ္ပါယ်အပြည့်ဆုံး... ဘာတွေ မှားယွင်းသွားတာလဲ… စဉ်းစားမရပါခက်ခဲ… ရန်တွေဖြစ်ကြ ပြန်ချစ်ကြနဲ့… အချစ်တွေ တိုးလာတာပေါ့… အရွယ်ရောက်စ ငါ့နှလုံးသားလေးဟာ… နင့်အပေါ်နစ်လာပါရော… အရမ်း ချစ်ခဲ့ ကြတယ်လေ… ဒီလို ဇာတ်သိမ်းလေးတော့မဖြစ်ချင်ဘူး” အဆိုတော်သရုပ်ဆောင်တယောက်ဖြစ်တဲ့ ရွှေထူးဟာ ‘ရုပ်သေးရုပ်’၊ ‘တံခါးဖွင့်ထားပါတယ်’၊ ‘မမျှော်လင့်တော့ပါဘူး’ စတဲ့ ထင်ရှားတဲ့ သီချင်းတွေအပါအဝင် တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ‘စိတ်ကူးယဉ်စာအုပ်’တေးအယ်လ်ဘမ်ကတော့ ထင်ရှားတဲ့ တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ သီချင်းတွေမှာတင်မက သရုပ်ဆောင်အနုပညာ အရည်အသွေးရှိတဲ့ ရွှေထူးဟာ ရုပ် ရှင်ကားတချို့မှာလည်း ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ လက်ခံအားပေးမှု ရရှိထားပါတယ်။ ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်နေပြီး အနုပညာလမ်းကြောင်းပေါ် အောင်မြင်တဲ့ သရုပ်ဆောင် မင်းသမီးတယောက်အနေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုရရှိနေတဲ့ ရွှေမှုံရတီကတော့ အိမ်ထောင်ကျပြီးတဲ့နောက် “အမှား” ဆိုတဲ့ သီချင်းကို ခင်ပွန်းဖြစ်တဲ့ ရွှေထူးနဲ့အတူ သီဆိုခဲ့ပြီး အောင်မြင်တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ “ချစ်တယ်”အမည်နဲ့ သီချင်းလည်း ထွက်ရှိခဲ့ဖူးတာမို့ ခုသီချင်းကတော့ သူ့အနေနဲ့ တတိယမြောက်သီချင်းတပုဒ် ဖြစ်လာခဲ့တာပါ။ “တချို့အချစ်တွေကလေထဲမှာ… တချို့အချစ်တွေကျရင်ထဲမှာ… တချို့အချစ်တွေက မှောင်မဲပြီး လှောင်ပိန်းနေလဲ… ပျော်ရွှင်တဲ့လူအချို့ကတော့ယုံဆဲပါ… တချို့အချစ် တွေကျဖြူစင်တယ် ယုန်တွေလို... တချို့အချစ်တွေကျကျန်ခဲ့တယ်ပုံပြင်လို…  တချို့အချစ်တွေက ဘာဆိုဘာမှမဟုတ်ခဲ့ပဲနဲ့… ဘဝကိုပါပျက်လောက်တဲ့အထိ အရာရာပုံနေသလို” ခုသီချင်းရုပ်သံထဲမှာတော့ ချစ်သူ ၂ ယောက်ကြားက အလွမ်းအဆွေးခံစားချက်တွေနဲ့ ဇာတ်လမ်းပုံစံ ဖန်တီးရိုက်ကူးထားခဲ့တာကို ပရိသတ်တွေက ထူးထူးခြားခြား ရှုစားကြရမှာပါ။ ဒီသီချင်းကိုတော့ ဒါရိုက်တာ Jason Slip နဲ့ ပွင့်သိင်္ဂီဇော်တို့က ရိုက်ကူးပုံဖော်ပေးထားကြပြီး ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၁ သန်းခွဲကျော် ရှိနေပါတယ်။
1 year Ago

January 9, 2020

ခန့်စည်သူ၊ ထွန်းထွန်း၊ ရွှေမှုံရတီ၊ မေကဗျာတို့ ပါဝင်သည့် ‘ရွာကျော်မိကဲ’ရုပ်ရှင်(နမူနာ)

       နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ထွန်းထွန်း၊ ရွှေမှုံရတီနဲ့ မေကဗျာတို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ‘ရွာကျော်မိကဲ’ ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။        ဒီရုပ်ရှင်ကိုတော့ မိုးရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဇော်မင်း (မ/ဒဂုံ)ရဲ့ ဝတ္ထုကို ရာဇဝင်ကိုက ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ပြည်သိမ်းသီဟက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        ကျေးလက်သဘာဝ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ဒီ ရုပ်ရှင်ကားထဲမှာတော့ ‘ရွာကျော်မိကဲ’ဆိုတဲ့အတိုင်း ဘယ်လိုမျိုး အကျော်အခွဇာတ်လမ်း ဇာတ်ကွက်တွေ၊ သရုပ်ဆောင်မှုတွေနဲ့ ရှုစားကြရမလဲဆိုတာကိုတော့ မကြာခင်မှာပဲ သိကြရတော့မှာ ဖြစ်ပါတယ်။        ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ သရုပ်ဆောင်မင်းသမီး မေသဉ္ဇာဦး၊ ဟာသ သရုပ်ဆောင် ဗေလုဝ၊ တက္ကသိုလ်ဂွမ်းပုံတို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။        ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ ကန်သာယာ JCGV ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။       လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
2 years Ago
Up