ရွှေဘိုမြို့နယ်

November 16, 2021

ရွှေဘိုမြို့နယ်က ပြည်သူ ၁ ဦး၏ နေအိမ်ကို ပျူစောထီးအဖွဲ့ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ မြင်းစီးကျေးရွာက အပြစ်မဲ့ပြည်သူ တယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၅ ရက် ည ၁၀ နာရီလောက်  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျနော်တို့ ကျေးရွာကို ည ၈ နာရီက‌နေ မနက် ၅ နာထိ အိမ်အပြင်မထွက်ရ အမိန့်လည်း ထုတ်ထားတယ်။  အဲဒီအချိန်အတွင်းတွေ့ရင် သေနတ်နဲ့ပစ်သတ်မယ်လို့လည်း အသံချဲစက်နဲ့ ကြေညာထားတယ်။ ပျူစောထီးအဖွဲ့တွေကတော့ သေနတ်လွယ်ပြီး ရွာအတွင်းလှည့်လည်နေ ကြတာ။ အဲဒီကောင်တွေက ရွာတင်မကဘူး၊ အနီးပတ်ဝန်းကျင်ရွာတွေပါ ဒုက္ခပေးနေတာ သူတို့မကျေနပ်တဲ့ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရွှေဘိုမြို့နယ်ဟာ ပျူစောထီးအဖွဲ့ဝင် အမြောက်အမြားရှိပြီး ပတ်ဝန်းကျင်မြို့နယ်တွေအထိ စစ်ကောင်စီတပ်နဲ့ပူးပေါင်းကာ ပြည်သူလူထုတွေရဲ့နေအိမ် နဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီး ယူငင် တာတွေ အဓိကပြုလုပ်နေတယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာမှာ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း နေအိမ် ၃ လုံး မီးရှို့ခံခဲ့ရပြီး အခုလည်း NLD လက်ထပ်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူရဲ့ညီ ဦးမောင်အောင် နေအိမ်ကို မီးရှို့ခဲ့တာလို့သိရပါတယ်။

2 months Ago

November 4, 2021

ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းမိသားစု နေအိမ်များကို ပျူစောထီးအဖွဲ့ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်းရဲ့မိသားစုဝင် နေအိမ် ၄ လုံးကို နိုဝင်ဘာ ၃ ရက် ည ၁၂ နာရီလောက်မှာ တရွာတည်းနေ ပျူစောထီးအဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတစ်ဦးက “အိမ်ရှင်တွေက ထွက်ပြေးတိမ်းရှောင်နေကြတာ ကြာပြီ။ သူတို့မရှိခင် အိမ်ထဲရှိတဲ့ ပရိဘောဂ ပစ္စည်းတွေကိုယူပြီး နေအိမ်ကို မီးရှို့ကြတာပါ။ မီးရှို့နေတုန်း သူတို့က သေနတ်တွေပစ်ဖောက်ပြီး မကုန်မချင်းစောင့်ရှို့ကြတာ”လို့ ပြောပါတယ်။

NLD အစိုးရလက်ထက် အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ဖူးသူ ဦးစိုးလွင် ခေါ် ဦးပေသီး (၅၀၅.က နဲ့ တိမ်းရှောင်နေရသူ) ရဲ့ နေအိမ်အပါအဝင် သူ့ရဲ့အစ်ကို၊ အမေနဲ့သမီးဖြစ်သူတို့ရဲ့ နေအိမ် ၄ လုံးကို ပျူစောထီးခေါင်းဆောင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဌေးအောင် ဦးဆောင်ပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာက ပျူစောထီးအဖွဲ့ဟာ ရွှေဘိုနယ်၊ ခင်ဦးနယ်၊ ဒီပဲယင်းနယ် စတဲ့မြို့နယ်တွေက ညောင်ကိုင်း၊ မုံတောရွာ အပါအဝင် ကျေးရွာတွေကို စစ်တပ်က ဝင်ရောက်စီးနင်းရာမှာ အားဖြည့်ကူညီနေကြတဲ့အပြင် ပြည်သူလူထုရဲ့ ပစ္စည်းတွေကို လုယက်ယူငင်ရာမှာ စစ်တပ်နဲ့အတူ အဓိက လုပ်ကိုင်ပေးနေကြတယ်လို့ သိရပါတယ်။

3 months Ago
More News
Up