ရွှေဘိုမြိုနယ်

November 7, 2020

ရွှေဘိုမြိုနယ် မဲရုံအချို့၌ မဲဆွယ်ဗွီဒီယိုဖွင့်သူနှင့် ကြိုတင်မဲပေးမှု စွက်ဖက်ခဲ့သူ ၃ ဦး အမှုဖွင့်ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ မဲရုံအတွင်း မဲဆွယ်ဗွီဒီယိုဖွင့်သူ ရပ်ကျေး ကော်မရှင်အဖွဲ့ဝင် ၂ ဦးနဲ့ ကြိုတင်မဲပေးရာမှာ ဝင်ရောက်စွက်ဖက်တဲ့ ရပ်ကျေးပါတီဝင် ၁ ဦးတို့ကို ရွှေဘိုမြို့မစခန်းမှာ အမှုဖွင့်ထားတယ်လို့ ရွှေဘိုခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက သိရှိရပါတယ်။ ရွှေဘိုမြို့နယ် မင်းကျောင်းကျေးရွာ အ.မ.က ကျောင်းမှာ ကြိုတင်မဲပေးတဲ့နေရာမှာ ပဂိုးကုန်းကျေးရွာ နေထိုင်သူ ဦးမြင့်သန်းက  မဲရုံအတွင်း မဲပုံးနဲ့  ၅ ပေခန့်အကွာကနေ လက်ကိုင်ဖုန်းနဲ့ “ကျမအမေတုန်းကလည်း ဗိုလ်ချုပ်ကို သဘောကျလို့ မဲပေးတယ်။ အခု ကျမတို့ အလှည့်ကျရင်လည်း ဗိုလ်ချုပ်သမီးအမေစုကို မဲပေးရမယ်” ဆိုတဲ့ စကားသံတွေပါတဲ့ ဗွီဒီယိုဖိုင်ကို ကျယ်လောင်စွာ ဖွင့်လှစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီဖြစ်စဉ်ကို တွေ့ရှိခဲ့တဲ့ ရွှေဘိုမြို့နယ် ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌ ဦးရန်မျိုးသူနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းနေဦးတို့က ဒီလိုဖွင့်လှစ်တာ မသင့်ကြောင်း ပြောရာမှာ  ရပ်ကျေးရွေးကောက်ပွဲ အဖွဲ့ဝင် ဦးမင်းမင်းက ကိုယ်ကြိုက်လို့ ကိုယ်ဖွင့်တယ်ဆိုပြီး ပြန်လည်ပြောဆိုခဲ့တာကြောင့် အမှုဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ မဲဆွယ်တဲ့ ဗွီဒီယိုဖိုင် ဖွင့်လှစ်ခဲ့သူ ဦးမြင့်သန်းနဲ့ ဦးမင်းမင်းတို့ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၁(က) နဲ့ နိုဝင်ဘာ ၄ ရက်နေ့က ရွှေဘိုမြို့မစခန်းမှာ အမှုဖွင့်ထားတာပါ။ အလားတူ ပလိုင်းကျေးရွာ ကျောင်းမဲရုံအတွင်း ဦးငြိမ်းမောင် ဆိုသူ ကြိုတင်မဲဆန္ဒမဲပေးရာမှာ  ဆွေမျိုးတော်စပ်ခြင်းမရှိဘဲ မဲရုံအတွင်း လိုက်ပါလာပြီး ဝင်ရောက်စွက်ဖက်ခဲ့တဲ့ ဦးချိုမောင်ရင်ကို ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ပြညိသူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မိုးနိုင်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၁(ဂ) နဲ့ အမှုဖွင့်ထားတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ရွှေဘိုခရိုင်မှာ မြို့နယ်အလိုက် အလားတူအမှုတွေရှိကာ ခရိုင်ရုံးကို အကြောင်းအမျိုးမျိုးကြောင့် မတင်နိုင်သေးတာဖြစ်ပြီး တန့်ဆည်မှာလည်း တံဆိပ်တုံးပျောက်လို့ တိုင်ထားတာရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးအောင်မင်းဦးက ပြောပါတယ်။ ရွှေဘိုခရိုင်တွင် အသက် ၆၀ နဲ့ အထက်ကြိုတင်မဲပေးခွင့်ရှိသူ ၁၄၂,၄၆၄ ဦးရှိတယ်လို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ သတင်း - ချိုသဲကြည်
1 year Ago
Up