ရွှေဘိုပေါ်ဆန်;

January 24, 2021

ဝက်လက်မြို့နယ်တွင် နည်းစနစ်ပြောင်းလဲစိုက်ပျိုးသဖြင့် ရွှေဘိုပေါ်ဆန်းစပါး ထွက်နှုန်းတိုး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် လယ်သမားတွေဟာ ၂၀၂၀ ပြည့်နှစ် မိုးစပါး စိုက်ပျိုးရာသီမှာ ရွှေဘိုပေါ်ဆန်းစပါးကို စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးတာကြောင့် ထွက်နှုန်းတိုးလာပြီး တစ်ဧကကို စပါးတင်း ၁၀၀ လောက် ထွက်တယ်လို့ တောင်သူလယ်သမားတွေကပြောပါတယ်။

တောင်သူလယ်သမားတွေဟာ ရွှေဘိုပေါ်ဆန်းခေါ် ဘေးကြားစပါးကို မိရိုးဖလာနည်းအတိုင်း စိုက်ပျိုးလာကြရာမှာ နှစ်စဉ်ဆစ်ပိုးကျတာကြုံတွေ့ရပြီး စပါးအထွက်နှုန်းလျော့နည်းရသလို  ၂၀၁၉ ခုနှစ်စိုက်ပျိုးနှစ်ကလည်း အကြီးအကျယ်ဖြုတ်ပိုးကျရောက်ခဲ့တာကြောင့် စပါးမရိတ်ရဘဲ မီးရှို့ပစ်ခဲ့ရသလို လယ်တွေရှိခဲ့သလို တစ်ဧက ၁၅ တင်း ၂၀ သာ ထွက်ရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပင်းဇင်းရွာနေ စိုက်နည်းစနစ် စမ်းသပ်စိုက်ပျိုးသူ တောင်သူ ဦးဇော်မင်းထွန်းက “မျိုးထုတ်ကွက်ဆိုပြီး စိုက်ပျိုးရေးတွေရဲ့ အကူအညီနဲ့ ခြောက်တန်း တစ်တန်း လှပ်စိုက်လိုက်တယ်။ ၂ ဧက ဒသမ ၂၀ ကို စပါး ၂၂၅ တင်းထွက်တယ်။ မျိုးထုတ်ကွက်မဟုတ်ပေမဲ့ အဲဒီနည်းအတိုင်း စိုက်လိုက်တဲ့ ၆ ဧက ကလည်း တစ်ဧက ၈၀၊ ၉၀၊ ၁၀၀ ချိုးအထိ ထွက်တယ်” လို့ ပြောပါတယ်။

ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးလှမိုးကျော်က‌ “ဒီနှစ်မှာ တစ်ဧကကို စပါးတင်းတစ်ရာအထိ ထွက်တဲ့တောင်သူတွေရှိတယ်လို့ သိရတယ်။ အဲဒါကြောင့် ကျနော်တို့ကွင်းဆင်းပြီး စာရင်းကောက်လိုက်တော့ တောင်သူ ၂၅ ဦးရဲ့ လယ်ဧက တစ်ရာကျော်လောက်ဟာ တစ်ဧက စပါးတင်းတစ်ရာကျော်အထိ ထွက်တာတွေ့ရတယ်။ အခြားအများစုတောင်သူတွေဟာလည်း တင်း ၈၀ နဲ့ ၉၀ ကြားမှာထွက်တယ်" လို့ ကပြောပါတယ်။

အရင်နှစ်တွေက လယ်တစ်ဧကကို ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး အဆမတန် သုံးစွဲကြရပြီး စိုက်ပျိုးနည်းပြောင်းလိုက်တာကြောင့် ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ ၂၀၂၀ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ ဆည်ရေသောက်ဧက ၉ သောင်းကျော်နဲ့ မိုးကောင်းသောက် (မိုးကောင်းကောင်းရွာမှ ချောင်းရေမြောင်းရေသောက်ရတဲ့လယ်) စပါးဧက ၄ သောင်းခွဲကျော်စိုက်ပျိုးတယ်လို့ သိရပြီး ရွှေဘိုပေါ်ဆန်းစပါးကို ဧက ၇ သောင်းကျော် စိုက်ပျိုးတယ်လို့ သိရပါတယ်။

အောင်စံလင်း

9 months Ago
Up