ရွှေဘို

February 2, 2023

မုံရွာတွင် စစ်တပ်နှင့် ပျူစောထီးများ ပစ်ခတ်မှုကြောင့် အဘွားအို ၁ ဦး ဒဏ်ရာရ၊ ရွှေဘို တိုက်ပွဲအတွင်း PDF ၃ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီခွဲလောက်က လက်နက်ကြီးနဲ့ နဂါးတွင်းရွာဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို လက်နက်ကြီးနဲ့ပစ်ခတ်လို့ အဘွားအိုတဦး ကျည်ထိမှန်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်း အဆောက်အဦတလုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မုံရွာ အောင်ဆန်းဖို့စ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်က‌ “မနေ့ညကပစ်လို့ ရွာကလူတွေကတော့ အကုန်ထွက်ပြေးနေကြရတယ်။ ကျည်ထိမှန်တဲ့ အဘွားကတော့ အသက် ၈၈ နှစ်ရှိပြီဗျ။ ညာဘက်ရင်အုံကို ကျည်စထိတယ်။ ဆေးကုသပေးထားတယ်။ အသက်အန္တရယ်တော့ မစိုးရိမ်ရတော့ဘူး။ အဲ့အဘွားက နဂါးတွင်းရွာ ဘုန်းကြီးကျောင်း ဘေးမှာနေတာ။ ဘုန်းကြီးကျောင်းပေါ်လည်း လက်နက်ကြီးကျပြီး အမိုးအကာ ပျက်စီးတာတွေလည်း ရှိတယ်။ ကြမ်းခင်းရယ် သမံတလင်းရယ်လည်း ပျက်စီးသွားတယ်” လို့ ‌ေပြာပါတယ်။

တောပုရွာက ပျူစောထီးတွေဟာ အခုလို နေ့တိုင်းလိုလို ပစ်ခတ်လေ့ရှိပြီး ပစ်ခတ်တဲ့ အကြောင်းရင်းဟာ ပျူစခန်းအတွင်း စားစရာမရှိတာကြောင့် ဒေသခံ အနီးအနားကျေးရွာ ဒေသခံတွေ ကြောက်လန့်အောင် ပစ်ခတ်ပြီး ရွာသားတွေ ရွာထဲမရှိမှ ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေ အကြိမ်ကြိမ်ယူရလေ့ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ဘုန်းဘွဲ့ကျေးရွာမှာ ဖေဖော်ဝါရီ ၁ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Black Wolf PDF အဖွဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကျဆုံးခဲ့တဲ့သူတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်စုမှူးတဦးနဲ့ ရဲဘော် ၂ ဦးဖြစ်ပြီး လက်နက်ကြီးထိမှန်လို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာတင် ၂ ယောက်က ပွဲချင်းပြီး ကျဆုံးခဲ့သလို နောက်တယောက်ကတော့ ရရှိတဲ့ဒဏ်ရာတွေနဲ့ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စားနပ်ရိက္ခာနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ လက်နက်ခဲယမ်းတွေ လိုအပ်နေတယ်လို့လည်း တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုနှစ်ဆန်းပိုင်းကစပြီး စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့အတွက် ဒေသခံတွေ သောင်းနဲ့ချီပြီး ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

2 days Ago

February 1, 2023

ရွှေဘိုတွင် စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ တိုက်ခိုက်ခံရ၊ မတ္တရာ၌ စစ်ကောင်စီတပ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ခြမ်းက ပျူစောထီးကျေးရွာတွေဖြစ်တဲ့ မခေါက်ကျေးရွာနဲ့ ဆယ်ပင်ကျွန်းကျေးရွာကို ဇန်နဝါရီ ၃၁ ရက်က ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Brave Brothers (ပကဖ) ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒေသခံ ကာကွယ်ရေးတပ်တွေဘက်က လက်လုပ် ၆၀ မမ စိန်ပြောင်းတွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေက ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ၄၅ မိနစ်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီကျေးရွာက ပျူစောထီးနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ အနီးနားက ကုလားမကျေးရွာ၊ လက်ကောက်ကျကျေးရွာနဲ့ ကျောင်းကုန်းကျေးရွာတွေက စစ်ရှောင်ပြည်သူတွေ ကျန်ရှိနေခဲ့တဲ့ ပြည်သူပိုင်နေအိမ်တွေ၊ ပရိဘောဂပစ္စည်းတွေကို လာရောက်ခိုးယူ၊ ရိုက်နှက်ဖျက်ဆီးတာတွေ ရှိနေလို့ တုံ့ပြန်တိုက်ခိုက်တာလို့ Brave Brothers (ပကဖ) ပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်ကုလားလေးက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အဲဒီကျေးရွာတွေက ပျူစောထီးတွေဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး အိုးအိမ်စွန့်ခွာ စစ်ရှောင်နေတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြိုဖျက်တာနဲ့ ရွှေကျင် စက်မျှောတွေမောင်းကာ စီးပွားရေးလုပ်ကိုင်နေတာရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာလည်း နယ်မြေရှင်းလင်းရေး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၃၀ ရက်မှာ  ဒေသကာကွယ်ရေး တပ်တွေက ​မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကောက်ရိုးပုံနဲ့ မြွေပုံကန်ကျေးရွာကြား လမ်းတနေရာမှာ ညနေ ၃ နာရီလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးသွားတယ်လို့ တောကြီးမြွေပွေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တောကြီးမြွေပွေးအဖွဲ့ တာဝန်ခံခေါင်းဆောင် ဗိုလ်တီက “အနီးနားက ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာမျိုး မရှိသေးဘူး။ အဲဒီမိုင်းဆွဲတဲ့နေရာမှာပဲ တပ်စွဲထားတယ်။ ထွက်ရခက်နေပုံပါပဲ” လို့ ပြောပါတယ်။

လတ်တလော စစ်ကောင်စီစစ်ကြောင်းက တပ်စွဲနေတာကြောင့် အနီးနားက ကျေးရွာသားတွေ ဂရုတစိုက် နေထိုင်သွားလာကြဖို့ ဒေသကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။

3 days Ago
More News
Up