ရွှေပြည့်စုံဈေး

September 18, 2020

ရွှေပြည့်စုံဈေးတွင် ကိုဗစ်-၁၉ လူနာ ၃ ဦးတွေ့ရှိ၊ မင်္ဂလာဈေးဝင်းက ဈေး ၂ ဈေးပိတ် 

မင်္ဂလာဈေးဝင်းအတွင်းက  ရွှေပြည့်စုံဈေးမှာ ပိုးတွေ့လူနာ ၃ ဦးတွေ့ရှိပြီးနောက် ရွှေပြည့်စုံဈေးနဲ့ မင်္ဂလာဈေးသစ်တို့ကို ပိတ်လိုက်တယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဒီဗွီဘီကိုပြောပါတယ်။ “အခုရွှေပြည့်စုံဈေးမှာ ဆေးဝါးဆိုင်တွေပါနေတာ အဲမှာ Positive ၃ ဆိုင်လောက် ထွက်သွားတယ်။ ဆိုင်ရဲ့သဘောသဘာဝအရ ဒီတနေရာမှာမရရင် တခြားနေရာတွေကို ဝန်ထမ်းတွေက သွားပြီးယူကြတာပေါ့နော်။ ဟိုသွား ဒီသွားပြီး ဈေးတစ်ခုလုံး သွားလာနေကြတာ ပေါ့နော်။ ဆိုင်က အပေါ်ထပ်ရော အောက်ထပ်ရော  Positive ၃ ဆိုင်လောက်တွေ့သွားတော့ ဆိုင်ကလူတွေလည်း အရမ်းစိုးရိမ်ကြတယ်။ အခုရောဂါရဲ့အနေအထားက ကူးစက်မှုက အရမ်းမြန်တယ်။ တချို့ပြန်ကြားတာတွေရှိတယ်။ ဒီကလေးတွေထဲမှာ ဝန်ထမ်းတွေထဲမှာ ဖျားနာနေတဲ့ ကလေးတွေ များနေတယ်။ ဝန်ထမ်းတော်တော်များများကို တချို့က ပြန်ခိုင်းတာတွေရှိတယ်။ တနေရာပို့လိုက်တာတွေရှိတယ်။ အဲလိုတွေရှိနေတော့ ဈေးထဲမှာလည်း သိပ်ပြီးစိတ်မချရတဲ့အနေအထားဖြစ်တဲ့အခါကျတော့ ဈေးသူဈေးသားတွေရဲ့ သဘောက ပိတ်ချင်တယ်။ အရမ်းစိုးရိမ်တယ်။အခုဖြစ်တဲ့ ဒုတိယလှိုင်းကို သူတို့လည်း ကြောက်ကြတယ်ပေါ့နော်။” လို့ဆိုပါတယ်။ အခုရက်ပိုင်းမှာ ပိတ်လိုက်တာဖြစ်ပြီး ရောဂါထိန်းချုပ်မှုအခြေအနေပေါ် မူတည်ပြီး ဈေးပြန်ဖွင့်မဖွင့်ကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းမှာရှိတဲ့ မင်္ဂလာဈေးဝန်းထဲမှာ ရွှေပြည့်စုံဈေး၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေးနဲ့ မင်္ဂလာဈေးသစ်တို့ရှိပြီး အဲဒီဈေး ၄ ခုထဲက  ၂ ဈေးကို ပိတ်လိုက်တာပါ။ ကျန်တဲ့ မင်္ဂလာမွန်ဈေး နဲ့ ရွှေမင်္ဂလာဈေးတွေမှာတော့ စားသောက်ကုန်နဲ့ ဆေးဆိုင်တွေပဲ ဖွင့်ခွင့်ပေးထားပါတယ်။
7 months Ago

May 16, 2020

မင်္ဂလာတောင်ညွန့်မြို့နယ် ဈေးအားလုံး ပြန်ဖွင့်၊ Mask ၁ သောင်း အခမဲ့ပေးဝေ

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဈေးအားလုံးကို ဒီနေ့ ပြန်လည်ဖွင့်လှစ်လိုက်ပြီး  နှာခေါင်းစည်း mask ၁ သောင်းကို အခမဲ့ပေးဝေခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ဖြစ်ပွားတဲ့ ကာလအတွင်း မင်္ဂလာတောင်ညွန့်မြို့နယ်မှာရှိတဲ့ ဈေးတချို့ကို အကန့်အသတ်နဲ့ ဖွင့်လှစ်ခဲ့ပြီးနောက် ဒီနေ့မှာ ဈေးအားလုံး ပြန်လည်ဖွင့်လှစ်လိုက်တာပါ။  ဈေးတွေ ပြန်လည်ဖွင့်လှစ်တဲ့နေ့မှာ မြို့နယ်စည်ပင် ဈေးများဌာနနဲ့ မြို့နယ်အတွင်းက ပရဟိတအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဈေးအတွင်း နှာခေါင်းစည်းတွေ အခမဲ့ပေးဝေနေတာလို့ ဦးဆောင်ပါဝင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောပါတယ်။ “ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ဈေးဝယ်သူတွေနဲ့ ဈေးရောင်းချတဲ့သူတွေ နှာခေါင်းစည်း mask တွေ တပ်ဆင်ဖို့နဲ့ ဈေးရောင်းချတဲ့သူတွေကိုလည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်းရောင်းချဖို့ လုပ်ဆောင်တာဖြစ်တယ်။”  မေ ၁၅ ရက်နေ့ထိ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းမှာတော့ Mask မဝတ်ဆင်တဲ့သူ ၂၉ ယောက်ကို အရေးယူပြီး ဒဏ်ကြေးအဖြစ် ငွေကျပ် ၅၀၀၀ ဒဏ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း မလိုက်နာဘဲ စည်းကမ်းဖောက်ဖျက်ပြီး ဈေးရောင်းချတဲ့ဆိုင်တွေကိုလည်း ဈေးရောင်းချခွင့် ယာယီပိတ်သိမ်းသွားမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဈေးများဌာန လက်ထောက်ဌာနမှူး ဒေါ်ခင်စောနွယ်က ပြောပါတယ်။  လက်ရှိမင်္ဂလာဈေးမှာတော့ ရွှေပြည့်စုံဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာမွန်ဈေး၊ မင်္ဂလာဈေးသစ် တို့ရှိပြီး အဲဒီဈေးတွေမှာတော့ ဆေးဝါးမျိုးစုံ၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ ရောင်းချနေတဲ့ ဆိုင်ခန်းပေါင်း ၆၀၀၀ ကျော် ရှိပါတယ်။  ဒါ့အပြင် လူစုလူဝေးမဖြစ်အောင်လို့ ဈေးတွေကို အရင် မနက် ၇ နာရီကနေ ညနေ ၆ နာရီ ဖွင့်လှစ်ခဲ့ရာကနေ အခု ပြန်ဖွင့်ချိန်မှာတော့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိပဲ ရောင်းချဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
11 months Ago
Up