ရွှေထူး

A d v e r t i s e m e n t With Us

August 11, 2020

ရဲရင့်အောင်နှင့် ရွှေထူး အတူဖျော်ဖြေမည့် Makeup Room Concert အွန်လိုင်းဂီတဖျော်ဖြေပွဲ ကျင်းပမည်

       နာမည်ကြီး လူငယ်တေးသံရှင် ၂ ယောက်ဖြစ်ကြတဲ့ ရဲရင့်အောင်နဲ့ ရွှေထူးတို့ အတူ ပူးပေါင်းဖျော်ဖြေမယ့် အွန်လိုင်းဂီတဖျော်ဖြေပွဲကို လာမယ့် ဩဂုတ် ၁၄ ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ Makeup Room Concert လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ King 7 Dynasty ကုမ္ပဏီက စီစဉ်တင်ဆက်လိုက်တာဖြစ်ပြီး MPT အပလီကေးရှင်းကနေတဆင့် တိုက်ရိုက်လိုက်ဖ်လွှင့် ဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတော့ အနုပညာရှင်တွေ စင်ပေါ်တက်ပြီး သီဆိုဖျော်ဖြေတာတွေ မလုပ်ကြခင် စတိတ်စင်ရဲ့နောက်ကွယ် Makeup Room ထဲကနေ ပရိသတ်ကို အွန်လိုင်းမှတဆင့် ဖျော်ဖြေမှုပေးတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ အစပိုင်းတုန်းကတော့ ဒီပွဲကို နာမည်ကြီး အမျိုးသမီးတေးသံရှင် ၂ ယောက်ဖြစ်တဲ့ ထွန်းအိန္ဒြာဗို၊ တင်ဇာမော်တို့နဲ့ ကျင်းပဖို့ ကြေငြာထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖျက်သိမ်းရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရဲရင့်အောင်ဟာ အနုပညာလောကထဲကို ၂၀၁၁ ခုနှစ်လောက်က စတင်ဝင်ရောက်ခဲ့ပြီး Bo Bo Entertainment က ထုတ်ဝေတဲ့ အတွဲသီချင်း အယ်လ်ဘမ်တွေထဲမှာ ပါဝင်သီဆိုခဲ့ကာ “Bo Bo 1st Anniversary” အယ်လ် ဘမ်ထဲမှာ ပါဝင်တဲ့ “လွမ်းလွန်းလို့”သီချင်းကတော့ သူ့ကို ပရိသတ်တွေ စတင် သတိပြု မိခဲ့တဲ့ သီချင်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၂ ခုနှစ်မှာတော့ အဆိုတော် သားသားနဲ့ တွဲဖက်ပြီး “အမုန်း ဒိုင်ယာရီ”တေး အယ်လ်ဘမ်ထွက်ရှိလာခဲ့ပြီး အဲဒီတေးအဘ်လ်ဘမ်ဟာ အရောင်းရဆုံး တေးအယ်လ်ဘမ်တချပ် ဖြစ်လာခဲ့ကာ ရဲရင့်အောင်ရယ်လို့ ပရိသတ်တွေက အားပေးမှုရခဲ့တဲ့ တေးအယ်လ်ဘမ်လည်း ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ နောက်ထပ် နာမည်ကြီးတကိုယ်တော်တေးအယ်လ်ဘမ် “ချေ”ကိုတော့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Myanmar Music Awards(MMA)က ချီးမြှင့်တဲ့ Best Pop Music Award for Winter နဲ့ Best Pop Album Award ဆုတွေ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။ သီချင်းတွေ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတာမျိုးအပြင် နောက်ပိုင်းမှာ ရဲရင့်အောင် က သရုပ်ဆောင် အနုပညာလမ်းကြောင်းဘက်မှာလည်း လျှောက်လှမ်းခဲ့ပြန်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာတော့ သရုပ်ဆောင်မင်းသမီး အိချောပိုနဲ့ တွဲဖက်သရုပ် ဆောင်ခဲ့တဲ့ “QC Game”၊ နန်းဆုဦးနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “Waiting For You”၊ သဉ္ဇာနွယ်ဝင်းနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ “ဟဲ့”စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်မှာတော့ အဆိုတော် သရုပ်ဆောင် လွှမ်းပိုင်၊ သရုပ်ဆောင်မင်းသမီး ဖွေးဖွေးတို့နဲ့အတူ သုံးပွင့်ဆိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ “ငါ့ကိုနမ်းတဲ့မုန်တိုင်း” ရုပ်ရှင်နဲ့အတူ ရဲရင့်အောင်ရဲ့ သရုပ်ဆောင်အနုပညာကို ပရိသတ်တွေက အမှတ်ပေးခဲ့ကြရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရဲရင့်အောင်ဟာ ဂီတဘက်မှာရော သရုပ်ဆောင်အနုပညာဘက်မှာပါ ဟန်ချက်ညီညီ လှုပ်ရှားနေခဲ့တာ ဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေ အသည်းကြော် အသက် ၂၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရွှေထူး ကတော့ အချစ်သီချင်းတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုပြီး အင်တာနက်ပေါ် မျှဝေခဲ့ ရာမှတဆင့် လူသိများလာခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ ထက်ယံ၊ X Boxin၊ Lil Z တို့နဲ့ ၄ ယောက်တွဲ တေးအယ်လ်ဘမ် “Four”ကို ပထမဆုံး ထွက်ရှိနိုင်ခဲ့တာပါ။ အဲဒီနောက်တော့ သူ့ရဲ့ ပထမဆုံးတကိုယ်တော် တေးအယ်လ်ဘမ် “စိတ်ကူးယဉ် စာအုပ်” ကိုတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပြီး ပရိသတ်တွေက ရွှေထူးရယ်လို့ လက်ခံအားပေးခဲ့ကြတဲ့ တေးအယ်လ်ဘမ်တချပ် ဖြစ်ခဲ့ပါတယ်။ သီချင်းတွေမှာတင်မက သရုပ်ဆောင်အနုပညာ အရည်အသွေးရှိတဲ့ ရွှေထူးဟာ “ပက်ပက်စက်စက်ညှို့”၊ “ဧည့်သည်”၊ “ဒဏ္ဍာရီမိုး”စတဲ့ ရုပ်ရှင်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေ လက်ခံအားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ရဲရင့်အောင်နဲ့ ရွှေထူးတို့ ၂ ယောက် အချိတ်အဆက်မိမိ ပါ ဝင်ဖျော်ဖြေကြမယ့် Makeup Room Concert ဖျော်ဖြေပွဲကို စောင့်မျှော်ကြည့်ရှုကြရမှာ ပဲ ဖြစ်ပါတယ်။
7 months Ago

July 13, 2020

တရက်အတွင်း ကြည့်ရှုသူသန်းချီရှိနေသည့် ရွှေထူးနှင့် ရွှေမှုံရတီ စုံတွဲသီချင်းသစ်(ရုပ်သံ)

(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ) ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး ရွှေမှုံရတီနဲ့ ခင်ပွန်းဖြစ်သူ အဆိုတော် ရွှေထူးတို့ စုံတွဲသီဆိုထားကြတဲ့ သီချင်းသစ်တပုဒ်ဟာ ထွက်ရှိပြီး တရက်အတွင်းမှာပဲ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပါတယ်။ “မိုးစက်များကပြောသော” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ရွှေထူးက ရေးစပ်ပေးထားပြီး ဇနီးမောင်နှံ ၂ ယောက်က အတွဲညီညီနဲ့ သီဆိုသရုပ်ဆောင်ထားပါတယ်။ “မိုးရေထဲမှာ ထီးအတူဆောင်း… နှစ်ယောက်လုံးစိုရွှဲကာချစ်တုန်း… လူကြီးတွေ မသိအောင် ဖုန်းတွေပြော… မနက်ခင်းတွေအဓိပ္ပါယ်အပြည့်ဆုံး... ဘာတွေ မှားယွင်းသွားတာလဲ… စဉ်းစားမရပါခက်ခဲ… ရန်တွေဖြစ်ကြ ပြန်ချစ်ကြနဲ့… အချစ်တွေ တိုးလာတာပေါ့… အရွယ်ရောက်စ ငါ့နှလုံးသားလေးဟာ… နင့်အပေါ်နစ်လာပါရော… အရမ်း ချစ်ခဲ့ ကြတယ်လေ… ဒီလို ဇာတ်သိမ်းလေးတော့မဖြစ်ချင်ဘူး” အဆိုတော်သရုပ်ဆောင်တယောက်ဖြစ်တဲ့ ရွှေထူးဟာ ‘ရုပ်သေးရုပ်’၊ ‘တံခါးဖွင့်ထားပါတယ်’၊ ‘မမျှော်လင့်တော့ပါဘူး’ စတဲ့ ထင်ရှားတဲ့ သီချင်းတွေအပါအဝင် တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ‘စိတ်ကူးယဉ်စာအုပ်’တေးအယ်လ်ဘမ်ကတော့ ထင်ရှားတဲ့ တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ သီချင်းတွေမှာတင်မက သရုပ်ဆောင်အနုပညာ အရည်အသွေးရှိတဲ့ ရွှေထူးဟာ ရုပ် ရှင်ကားတချို့မှာလည်း ပါဝင်ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ လက်ခံအားပေးမှု ရရှိထားပါတယ်။ ရုပ်ရှင်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်နေပြီး အနုပညာလမ်းကြောင်းပေါ် အောင်မြင်တဲ့ သရုပ်ဆောင် မင်းသမီးတယောက်အနေနဲ့ ပရိသတ်ချစ်ခင်အားပေးမှုရရှိနေတဲ့ ရွှေမှုံရတီကတော့ အိမ်ထောင်ကျပြီးတဲ့နောက် “အမှား” ဆိုတဲ့ သီချင်းကို ခင်ပွန်းဖြစ်တဲ့ ရွှေထူးနဲ့အတူ သီဆိုခဲ့ပြီး အောင်မြင်တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ “ချစ်တယ်”အမည်နဲ့ သီချင်းလည်း ထွက်ရှိခဲ့ဖူးတာမို့ ခုသီချင်းကတော့ သူ့အနေနဲ့ တတိယမြောက်သီချင်းတပုဒ် ဖြစ်လာခဲ့တာပါ။ “တချို့အချစ်တွေကလေထဲမှာ… တချို့အချစ်တွေကျရင်ထဲမှာ… တချို့အချစ်တွေက မှောင်မဲပြီး လှောင်ပိန်းနေလဲ… ပျော်ရွှင်တဲ့လူအချို့ကတော့ယုံဆဲပါ… တချို့အချစ် တွေကျဖြူစင်တယ် ယုန်တွေလို... တချို့အချစ်တွေကျကျန်ခဲ့တယ်ပုံပြင်လို…  တချို့အချစ်တွေက ဘာဆိုဘာမှမဟုတ်ခဲ့ပဲနဲ့… ဘဝကိုပါပျက်လောက်တဲ့အထိ အရာရာပုံနေသလို” ခုသီချင်းရုပ်သံထဲမှာတော့ ချစ်သူ ၂ ယောက်ကြားက အလွမ်းအဆွေးခံစားချက်တွေနဲ့ ဇာတ်လမ်းပုံစံ ဖန်တီးရိုက်ကူးထားခဲ့တာကို ပရိသတ်တွေက ထူးထူးခြားခြား ရှုစားကြရမှာပါ။ ဒီသီချင်းကိုတော့ ဒါရိုက်တာ Jason Slip နဲ့ ပွင့်သိင်္ဂီဇော်တို့က ရိုက်ကူးပုံဖော်ပေးထားကြပြီး ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၁ သန်းခွဲကျော် ရှိနေပါတယ်။
8 months Ago
Up