ရွှေတံဆိပ် ၃ ဆု

December 22, 2019

ပတ်တီးကို ဖိနပ်လုပ်စီးပြီး ရွှေတံဆိပ် ၃ ဆု ရယူနိုင်ခဲ့သည့် ဖိလစ်ပိုင်က သံမဏိအပြေးမယ်လေး

အားကစားဖိနပ် ဝယ်မစီးနိုင်တဲ့ ဖိလစ်ပိုင်က ဆယ်ကျော်သက်အပြေးမယ်လေးတဦးဟာ ပတ်တီးကို အားကစားဖိနပ်ပုံစံ ဖန်တီးထားတဲ့ ဖိနပ်နဲ့ ပြိုင်ဘက်တွေကို ဖြတ်ကျော် အနိုင်ရကာ ရွှေတံဆိပ်ဆု သုံးဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ဘာလာဆန်အရပ်က ရီရာဘားလို့စ်လို့ ခေါ်တဲ့ အသက် ၁၁ နှစ်အရွယ် အပြေးမယ်လေးဟာ ကျောင်းရဲ့ ပြေးခုန်ပစ်ပြိုင်ပွဲကို ဝင်ရောက်ဖို့ စာရင်းပေးထားပေမယ့် သူ့အခြေအနေကအားကစားဖိနပ်ကို ဝယ်နိုင်တဲ့ အနေအထားမှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒါဟာ သူမအတွက် ပြဿနာတရပ် မဟုတ်ခဲ့ဘဲ ပတ်တီးတွေကို ခြေထောက်မှာ ဖိနပ်ပုံစံမျိုးဖြစ်အောင် စည်းပြီး ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အံ့ဩစရာကောင်းတာက အားကစားစိတ်ဓာတ် ပြင်းထန်တဲ့ ပါရမီရှင်မလေးဟာ အပြေးဖိနပ်စီးပြီး ယှဉ်ပြိုင်တဲ့ ပြိုင်ဘက်တွေကို အနိုင်ရခဲ့ခြင်းပါပဲ။  သူမဟာ မိန်းကလေး အပြေးပွဲရဲ့ မီတာ ၄၀၀၊ မီတာ ၈၀၀ နဲ့ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွေမှာ အနိုင်ရခဲ့ပြီးတော့ ရွှေတံဆိပ်ဆု သုံးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘားလို့စ်ရဲ့ ဖြစ်ရပ်ဟာ ပြည်တွင်းမှာတင်မဟုတ်ဘဲ အာရှမီဒီယာတွေအထိပါ ပျံ့နှံ့သွားခဲ့ပြီးတော့ သူရဲ့စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုကိုလည်း အားလုံးက ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။ ဘားလို့စ်ရဲ့ဓာတ်ပုံတွေဟာ သတင်းမီဒီယာတွေထက်မှာ ပလူပျံနေခဲ့ပြီး ဖိနပ်ပုံစံ စည်းထားတဲ့ ပတ်တီးပေါ်မှာ Nike အမှတ်တံဆိပ်ကို လက်နဲ့ ရေးထိုးထားတဲ့ အမှတ်အသားလေးဟာလည်း အားလုံးရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ပုံမှန်ဆို ဘားလို့စ်ဟာ ခြေပြောင်နဲ့ ပြေးလေ့ရှိသူပါ။ ပြေးလမ်းကြောင်းမှာရှိတဲ့ အတားအဆီးတွေကြောင့် ဒီလိုမျိုး ပတ်တီးကို အားကစားဖိနပ်ပုံစံမျိုး စည်းခဲ့တာဖြစ်ပြီး သူ့လုပ်ရပ်နဲ့ သူ့စိတ်ဓာတ်ကို ဘက်စကဘတ်ဘော ကစားသမားဟောင်းလည်းဖြစ်၊ လက်ရှိ Alaska Aces အသင်းရဲ့ နည်းပြဖြစ်သူ ဂျက်ဖ်ကာရီယာဆိုကပါ သတိပြုမိသွားခဲ့ပါတယ်။  ဒါ့ကြောင့် ဂျက်ဖ်ဟာ ဘားလို့စ်နဲ့ ဆက်သွယ်နိုင်ဖို့အရေး အကူအညီပေးဖို့ အားလုံးကို တောင်းဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဂျက်ဖ်ဟာ ဘားလို့စ်ကို ဆက်သွယ်နိုင်ခဲ့ပြီး သူနဲ့ သူ့အဖွဲ့အတွက် အားကစားဖိနပ်တွေ ရရှိရေးအတွက် Nike ကုမ္ပဏီနဲ့ ချိတ်ဆက်ပေးသွားဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။
2 years Ago
Up