ထိုင်းနိုင်ငံမှာ ရွှေဈေးဟာ ၇ နှစ်အတွင်း အမြင့်ဆုံး တက်သွားတာမို့ ငွေကြေးကျပ်တည်းနေတဲ့ ပြည်သူတချို့ဟာ ရွှေထည်ပစ္စည်းတွေကို ဧပြီလ ၁၅ ရက်က အပြေးအလွှား သွားရောင်း နေပါတယ်။
ဒါနဲ့ပတ်သက်လို့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဆိုင်တွေအနေနဲ့ ငွေသား ပြတ်သွားတာနဲ့ကြုံတွေ့နိုင်တာကြောင့် ပြည်သူတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ဘန်ကောက်မြို့ထဲက ရွှေဆိုင်တွေ အပြင်ဘက်မှာ အမြတ်အစွန်း လိုချင်တဲ့ ပြန်ရောင်းသူ တွေနဲ့ တန်းစီနေသူတွေ ရှိပါတယ်။
ရွှေဈေးတွေ တက်နေတာကြောင့်လည်း ဒီသီတင်းပတ် အစောပိုင်းကတည်းက အကြာ ကြီး တန်းစီနေသူတွေကို မြင်တွေ့ရပါတယ်။
တခြားပြည်နယ်တွေမှာလည်း အလားတူ ရွှေပြန်ရောင်းသူတွေ များပြားတဲ့ သတင်းတွေ ထွက်နေပါတယ်။
ဧပြီလ ၁၅ ရက် တနေတည်းမှာပဲ ရွှေဈေးဟာ ၆ ကြိမ်ထက် မနည်း အတက်အကျဖြစ်ခဲ့ပြီး ဘတ် ၅၀ ကွာဟခဲ့ပါတယ်။
ရွှေကုန်သည်များအသင်း အဆိုအရ နေ့လည် ၂ နာရီ ဝန်းကျင်မှာ ရွှေထည်ပစ္စည်း ရောင်းဈေးက အလေးချိန် တဘတ်သားကို ထိုင်းငွေ ၂၆,၄၅၀ ဘတ် ပေးရပြီး ဝယ်ဈေးကတော့ ဘတ် ၂၅, ၂၈၆ ကျော်ကျော် ပေးဝယ် ရပါတယ်။
ရွှေဆိုင်တွေမှာ ငွေတွေကုန်နေတာကြောင့် ဆိုင်တွေ ပိတ်တော့မယ်ဆိုတဲ့ သတင်းတွေ ဆိုရှယ်မီဒီယာမှာ ပျံ့နေပေမယ့် ရွှေကုန်သည်များ အသင်း ဥက္ကဋ္ဌကတော့ ဆိုင်တွေကို ဆက်ဖွင့်ထားမယ်လို့ ပြောပါတယ်။
စီးပွားရေး အခက်အခဲဖြစ်နေတဲ့ ကာလမှာ ရွှေကုန်သည်တွေက ငွေလိုနေသူတွေကို ကူညီချင်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ရေးပါတယ်။
11 months Ago