အခုနှစ် စက်တင်ဘာလဆန်းပိုင်းကစလို့ တရိပ်ရိပ် ပြန်ကျဆင်းလာခဲ့တဲ့ အမေရိကန် ဒေါ်လာ နဲ့ မြန်မာကျပ်ငွေလဲနှုန်းဟာ အခုရက်ပိုင်းအတွင်းမှာ တဒေါ်လာကို ကျပ် ၂၉၀၀ နီးပါးအထိ ပြန်လည်တက်ရိပ်ပြလာပါတယ်။
ရန်ကုန်နိုင်ငံခြားငွေဈေးကွက်မှာ ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ နေ့လယ်ပိုင်းက အမေရိကန် တဒေါ်လာကို ဝယ်ဈေး ၂,၈၇၅ ကျပ်၊ ရောင်းဈေး ၂,၈၉၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ နိုင်ငံခြားငွေကြေး ရောင်းဝယ်သူတွေထံက သိရပါတယ်။
ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတဦးက “အရင်ရက်တွေက တောက်လျှောက်ဆင်းနေပြီးတော့ မနေ့က နည်းနည်းပြန်တက်လာတယ်။ ဒီနေ့ကျတော့ ၂,၉၀၀ ဝန်းကျင်လောက်ထိ ထပ်တက်လာတာ” လို့ ပြောပါတယ်။
ပြင်ပစျေးကွက်မှာ ဒေါ်လာငွေလဲနှုန်းနဲ့အတူ ရွှေစျေးနှုန်းလည်း လိုက်ပါမြင့်တက်ခဲ့ပြီး ဒီကနေ့ အခေါက်ရွှေ တကျပ်သားကို ၂,၆၉၀,၀၀၀ ကျပ်ဝန်းကျင်နဲ့ စျေးကွက်မှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။
ပြည်တွင်း နိုင်ငံခြားငွေစျေးကွက်မှာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက အမေရိကန် တဒေါ်လာကို ကျပ် ၄,၀၀၀ ကျော်ထိ စံချိန်တင် အမြင့်ဆုံးစျေး ရောက်ခဲ့ဖူးပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ၂,၁၀၀ ကျပ် တိုးမြှင့်သတ်မှတ်လိုက်ပြီးတဲ့ နောက်မှာ ကောလာဟလတွေနဲ့အတူ တဟုန်ထိုး မြင့်တက်သွားခဲ့တာဖြစ်ပြီး စက်တင်ဘာလဆန်းပိုင်းက စလို့ ဒေါ်လာစျေးရော ရွှေစျေးပါ တဖြည်းဖြည်း ပြန်ကျဆင်းလာခဲ့တာပါ။
ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာ အမေရိကန် တဒေါ်လာကို ဝယ်စျေး ၂,၈၁၀ ကျပ် ရောင်းစျေး ၂,၈၅၀ ကျပ်နှုန်းနဲ့ အချိန်ကြာကြာ စျေးငြိမ်နေခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေးမြင့်တက်လာတာကြောင့် ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း (YGEA) ရဲ့ ရည်ညွှန်း ရွှေစျေးနှုန်း ကျပ် ၂၁ သိန်းအထက်ကို ရောက်ရှိလာပြီး မနေ့ကနှုန်းထားထက် ၁ ဒသမ၄ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
YGEA ရည်ညွှန်းဈေးနှုန်းဟာ မနေ့က တစ်ကျပ်သားကို ကျပ် ၂၀၉၂၀၀၀ နဲ့ စျေးပိတ်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းမှာတော့ ၂၁၁၅၀၀၀ ကျပ်နဲ့ စျေးကွက်ဖွင့်ခဲ့ပါတယ်။ အဲဒီနောက် ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ ရည်ညွှန်းဈေးနှုန်းက ၂၁၂၂၀၀၀ ကျပ်ထိ ထပ်မံမြင့်တက်လာပါတယ်။
ဈေးကွက်ပေါက်ဈေးနှုန်းကတော့ ရည်ညွှန်းဈေးနှုန်းထက် ငွေကျပ် ၅ သိန်းခွဲဝန်းကျင် ပိုများနေပြီး လက်ရှိဈေးကွက်မှာ ရွှေတစ်ကျပ်သားကို ငွေကျပ် ၂၆၇၀၀၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ရွှေစျေးကွက်အတွင်းက သိရပါတယ်။
လက်ရှိ ကမ္ဘာ့ရွှေဈေးနှုန်းက တစ်ထရိုင်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၀၀ ကျော်ထိ မြင့်တက်နေပြီး သုံးလပတ်အတွင်း အမြင့်ဆုံးနှုန်းထားကို ရောက်ရှိနေပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖြစ်ခဲ့တဲ့ နှုန်းထားတဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ ၅၀ ဝန်းကျင် မြင့်တက်လာတာတွေ့ရပြီး ရာခိုင်နှုန်း အနေနဲ့ ၂ ဒသမ ၉ ရာခိုင်နှုန်း ဝန်းကျင် မြင့်တက်လာတာပါ။ ရန်ကုန်ရွှေလုပ်ငန်းရှင်အသင်း(YGEA)ရဲ့ ရည်ညွှန်းရွေစျေးနှုန်းကတော့ တစ်ပတ်အတွင်း ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။
ကမ္ဘာရွှေစျေနှုန်းအမြင့်ကြောင့် YGEA ရည်ညွှန်းဈေးနှုန်း လှုပ်ခတ်လာပေမဲ့ အမှန်တစ်ကယ် ဈေးကွက်ပေါက်ဈေးနှုန်းကတော့ ၂၆၇၀၀၀၀ ဝန်းကျင်မှာပဲ အရောင်းအဝယ်ဆက်ဖြစ်နေပြီး တစ်ပတ်အတွက် စျေးနှုန်းအနည်းငယ်သာ အပြောင်းအလဲ ရှိခဲ့ပါတယ်။
ရန်ကုန်မြို့က ရွှေဆိုင်လုပ်ငန်းရှင် တစ်ဦးက “လောလောဆယ် စျေးကွက်ပေါက်စျေးကတော့ငြိမ်နေပါတယ်။ ၂၆ သိန်းနဲ့ ၂၇ သိန်းကြားမှာပဲ ငြိမ်နေတာ တော်တော်လေးကြာနေပါပြီ။ ရွှေဆိုင်တွေကတော့ အရောင်းအဝယ်လည်းပါးပါတယ်။ ထူးထူးခြားခြား အပြောင်းအလဲမရှိရင်တော့ ဒီအတိုင်းပဲ ဆက်ငြိမ်နေမယ်ထင်တယ်”လို့ ပြောပါတယ်။
လက်ရှိမှာ ရွှေအထည်စျေးကွက် အရောင်းအဝယ်ပါးနေသလို ရွှေအတုံးအခဲ စျေးကွက်မှာလည်း စစ်ကောင်စီက စျေးနှုန်းကန့်သတ် ထိန်းချုပ်နေတာတွေကြောင့် တရားဝင်အရောင်းအဝယ်ထက် မှောင်ခိုအရောင်းအဝယ်သာ အားကောင်းနေတယ်လို့ ရွှေကုန်သည်တွေထံက သိရပါတယ်။
ရွှေကုန်သည်တစ်ဦးက “အတုံးစျေးကွက်ကတော့ ကြာပါပြီ စျေးကွက်ပျက်နေတယ်လို့ ခေါ်ရမှာပေါ့။ သူတို့အသင်းရုံးမှာလည်း အရောင်းအဝယ်လည်း မဖြစ်တော့ပါဘူး။ သူတို့ စျေနှုန်းကန့်သတ်ချက်တွေ ပယ်ဖျက်လိုက်ရင်တော့ အရင်တိုင်းပဲ ပုံမှန်လွတ်လွတ်လပ်လပ် ရောင်းကြ ဝယ်ကြပြန်ဖြစ်မှာပေါ့။ ဒီကန့်သတ်ချက်တွေ ရှိနေတော့ လူတွေက မရောင်းရဲ၊ မဝယ်ရဲ၊ အဖမ်းခံရမှကြောက် ဟိုပြေး၊ ဒီပြေး ဖြစ်နေကြတာ”လို့ ပြောပါတယ်။
ဒီကနေ့ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့အတူ YGEA ရည်ညွှန်းရွှေစျေးနှုန်း မြင့်တက်လာပေမဲ့ မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေနှုန်းကတော့ တစ်ဒေါ်လာကို ၂၉၀၀ ကျပ်ဝန်းကျင်နဲ့ စျေးကွက်မှာ အရောင်းအဝယ်ဖြစ်နေပြီး အဲဒီနှုန်းထားနဲ့ အချိန်ကြာကြာ စျေးငြိမ်နေတာတွေ့ရပါတယ်။