ရွှေကျင်မြို့

April 15, 2020

အင်းစိန်တွင် ဝတ်ပြုဆုတောင်းပွဲသွားတက်ခဲ့သူ ၃ ဦးကို ရွှေကျင်မြို့၌ စောင့်ကြည့်စစ်ဆေး

ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှာ ကျင်းပခဲ့တဲ့ ဗေသလနှစ်ချင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း ဝတ်ပြုဆုတောင်းပွဲကို သွားရောက်ခဲ့သူ ၃ ဦးနဲ့ အတူနေမိသားစုဝင် ၃ ဦးကို ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ Home Quarnatine စောင့်ကြည့်စစ်ဆေး​နေတယ်လို့ မြို့နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ အသက် ၅၀  အရွယ် အမျိုးသားတဦး၊ အသက် ၅၇ နှစ်နဲ့  အသက် ၂၅ နှစ် အရွယ် အမျိုးသမီး နှစ်ဦး အပါအဝင် အတူ​နေ မိသားစုဝင်သုံးဦးကို ရွှေကျင်မြို့၊ ရှမ်းကြေးရပ်ကွက်ကနေအိမ်မှာ Home Quarnatine စောင့်ကြည့် ထားတာဖြစ်ပါတယ်။ သူတို့သုံးဦးဟာ မတ်လ ၁၄ ရက်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ဗေသလနှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲကို သွားရောက်ခဲ့ပြီး မတ်လ ၁၅ ရက်မှာ ရွှေကျင်မြို့ကို ဝင်းရတနာ မော်တော်ယာဉ်လိုင်းနဲ့ ပြန်လည်ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဧ​​ပြီလ ၁၄ ရက်မှာ  အသက် ၂၅ နှစ် အရွယ် အမျိုးသမီးရဲ့ အဘိုး၊ အဘွား၊ မိခင်နဲ့ အသက် ၅၀ အရွယ် အမျိုးသားနဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတို့ကို ကျန်းမာရေးစစ်ဆေးပြီး Home Quarnatin စောင့်ကြည့်စစ်ဆေးနေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက ဒီဗွီဘီ ကိုပြောပါတယ်။ “အားလုံး ကျန်းမာရေး ကောင်းမွန်ပါတယ်။ အသက် ၂၆ နှစ် အရွယ်အမျိုးသမီးရဲ့ အဘိုး၊ အဘွားနဲ့ မိခင်ဖြစ်သူကိုပါ Home Quarnatine နေအိမ်မှာ စောင့်ကြည့်စစ်​ဆေးနေပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပိုးသတ်ဆေးဖျန်းတာတွေ အကုန်လုပ်ထားပြီပါပြီ။” ရွှေကျင်မြို့နယ်မှာ ဧပြီ ၁၅ ရက်မှ ၃၀ ရက်အထိ ခိုင်လုံသော အကြောင်းကိစ္စမရှိဘဲ နေအိမ်အပြင်ထွက်​ခြင်း၊ လူစုလူဝေးဖြင့်​ အားကစားခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာ တွေမှာ လူစုလူဝေးနဲ့ သွားလာနေထိုင်ခြင်း၊ မူးယစ်သောက်စားခြင်း မပြုလုပ်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ သတင်း - နေလင်းထိုက်
1 year Ago

March 7, 2020

ရွှေကျင်မြို့ ရွှေတောင်ဦးဘုရားပွဲ လောင်းကစားဝိုင်းများ အရေးယူပေးရန် ဒေသခံများ တောင်းဆို

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့မှာ မတ် ၅ ရက်နေ့ညက ရှေး​ဟောင်းသမိုင်းဝင် ရွှေတောင်ဦးဘုရားရဲ့ ဗုဒ္ဓပူဇနိယဘုရားပွဲမှာ အန်ဂလုံ လောင်းကစားဝိုင်းတွေ ထည့်​သွင်း ကျင်းပနေတာ အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။ ​​ရွှေကျင်မြို့ ​ရွှေတောင်ဦးဆု​တောင်း​ပြည့်ဘုရားဟာ ​​​ရှေးဟောင်းသမိုင်းဝင်ဘုရား​ကြီး ​ဖြစ်​ပြီး ခုလို ဘုရားပွဲတော်မှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ လောင်းကစားဝိုင်းတွေ ထည့်သွင်း ကျင်းပတာဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတခုပဲလို့ ဒေသခံ ဦးခင်လှက ပြောပါတယ်။ "ညကစပြီး ဘုရားပွဲမှာ (အန်ဂလုံ) အ​လောင်းကစားမျိုး ရှစ်ဝိုင်း ပါတယ်။ ဘုရားပွဲမှာ လောင်းကစား ထည့်သွင်းကျင်းပတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာလည်းစိုးတယ်၊ ပွဲလာသူတွေအတွက်လည်း အော်ဟစ်ဆဲဆိုနေကြတော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်၊ ဒါကို သက်ဆိုင်ရာက ဘာ​ကြောင့် အရေးမယူတာလဲ။" မနှစ်က ဘုရားပွဲမှာ သိန်းငါးဆယ်လောက် ရှုံးတာ​ကြောင့် ကိုယ့်အထက်အဖွဲ့တွေနဲ့ ညှိနှိုင်းပြီး တောင်းခေါက်ဝိုင်း လေး၊ ငါး၊ ခြောက်ဝိုင်းလုပ်ဖို့ ခွင့်ပြုလိုက်တာလို့ ရွှေတောင်ဦးဘုရားဂေါပက ဒုတိယဥက္ကဋ္ဌ ဦး​ကျော်တိုးက ပြောပါတယ်။ “အားလုံး ရှစ်ဝိုင်းပါ၊ ကြီးကြပ်ခိုင်းထားတယ်၊ ကြီးကြပ်တဲ့ အဖွဲ့တခုရှိပါတယ်။ အဲဒါလေးတွေကို ပိုက်ဆံကောက်ဖို့ပေါ့လေ၊ ပွဲက မနှစ်က နှစ်ရက်ဆို သိန်းနှစ်ဆယ်လောက် ရှုံးထားပြီး အဲဒါလေးတွေ ပေးဆပ်ဖို့​​ပေါ့​​လေ၊ စာရင်းဇယားလုပ်ပြီး ​​ကောက်ဖို့​တော့ ခိုင်းထားတယ်။” ဘုရားပွဲမှာ အန်ဂလုံဝိုင်းတွေ ပြုလုပ်ပါက ဖမ်းဆီးသွားမယ်လို့ ရွှေကျင်မြို့မှ စခန်းမှူး ဒုရဲမှူး ကျော်လွင်ဦးက ပြောပါတယ်။ ရွှေကျင်မြို့ ​ ​ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးဆု​တောင်း​ပြည့် စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယဘုရားပွဲကို ကျင်းပလာတာ သုံးဆယ့်ငါးနှစ်ပြည့်ခဲ့ပြီ​ဖြစ်​ပြီ ဒီနှစ်မှာ ဘုရားပွဲကို တပေါင်းလဆန်း ၈ ရက်နေ့မှ တပေါင်းလပြည့်ကျော် ၁ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။ ခုလို သမိုင်းဝင်ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးဆုတောင်းပြည့် ဘုရားပွဲမှာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ နေလင်းထိုက်
1 year Ago
Up