ရွှေကျင်

A d v e r t i s e m e n t With Us

October 29, 2020

ရွှေကျင်မြို့နယ်၊ ရဲသောင်ကျေးရွာအုပ်စုတွင် ရွေးကောက်ပွဲကျင်းပပေးရန် ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ရဲသောင်ကျေးရွာမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ ဒေသခံ ကရင်တိုင်းရင်းသားတွေက  အောက်တိုဘာ ၂၉ ရက် ဒီနေ့မနက်က   ရွှေကျင်မြို့ကို လာရောက်ပြီး စီးတန်းလှည့်လည်ဆန္ဒပြ တောင်းဆိုကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းနှစ်ကြိမ်လာကပ်ပြီးမှ လုံခြုံရေးအကြောင်းပြကာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတာဟာ ပြည်သူ့အခွင့်အရေး၊ မဲပေးပိုင်ခွင့်အခွင့်အရေးတွေကို ပိတ်ပင်တားဆီးသလို ဖြစ်နေတယ်လို့ ဆန္ဒ​ပြရာမှာပါဝင်တဲ့ ဦးအေးလွင်က ပြောပါတယ်။ ရဲသောင်ကျေးရွာအုပ်စုဟာ နယ်မြေလုံခြုံအေးချမ်းတဲ့အပြင် လွတ်လွတ်လပ်လပ်မဲပေးခွင့် ရတဲ့ကျေးရွာဖြစ်တာကြောင့် ကျေးရွာသူရွာသားတွေရဲ့ကိုယ်စား ဆန္ဒပြရတာလို့ ဆိုပါတယ်။ "ရဲသောင်ကျေးရွာအုပ်စုဟာ ပြည်ထဲရေးအမည်ပေါက်ကျေးရွာဖြစ်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ထွေအုပ်စာရေးတွေလည်းခန့်ထားတယ်။  စာသင်ကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းတွေရှိတဲ့ ကျေးရွာကြီးဖြစ်ပါတယ်။ ဒီလိုကျေးရွာကို ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေညာတာဟာ လုံးဝမဖြစ်သင့်လို့ ဆန္ဒပြရတာဖြစ်တယ်" လို့   ဦးအေးလွင် က ပြောပါတယ်။ ရဲသောင်ကျေးရွာအုပ်စုမှာ ရွေးကောက်ပွဲကျင်းပပေးဖို့အတွက် ရွာသူ ရွာသား ၃၀ လောက်က ရွှေကျင်မြို့လွတ်လပ်ရေးကျောက်တိုင်မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအထိ  ငြိမ်းချမ်းစွာလှည့်လည် ဆန္ဒ​ပြတောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒ​ပြသူတွေက ရဲသောင်ကျေးရွာ အုပ်စုမှာ ရွေးကောက်ပွဲကျင်းပပေးရေး၊ ဒီမိုကရေစီလူ့အခွင့်ရေးရရှိရေး၊ မဲပေးခွင့်ပိတ်ပင်တားဆီးခြင်းအလိုမရှိ၊ ပြည်သူ့အခွင့်အရေး တန်းတူရရှိရေးချက်ခြင်း ဆောင်ရွက်ပေး၊ လုံခြုံရေးအကြောင်းပြအခွင့်ရေးပိတ်ခြင်းအလိုမရှိစတဲ့ အချက်ငါးချက်တောင်းဆိုခဲ့ကြပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘူးလို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ကြေညာထားတဲ့ ရွှေကျင်မြို့နယ်ထဲက ကျေးရွာအုပ်စု ၃၀ မှာ   ကျေးရွာအုပ်စု ၂၉ အုပ်စုဟာ ရွာပုန်းရွာရှောင်တွေဖြစ်ပြီး ရဲသောင်ကျေးရွာအုပ်စု တခုတည်းသာ ရွာအဖြစ် တည်ရှိတာ ဖြစ်ပါတယ်။ ရဲသောင်ကျေးရွာအုပ်စုမှာ ဝါးဖြူတောင်၊ ဇီးဖြူတောင်၊ ရဲသောင်၊ ကျွဲတဲ၊ ထီးဖဒို၊ မဲပျော့၊ ဟတ်ကြီးစတဲ့ ကျေးရွာ ၇ ရွာပါဝင်နေပြီ အိမ်ခြေ ၃၀၀ ကျော်ရှိကာ အသက် ၁၈ ပြည့်ပြီး  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ၉၀၀ ကျော်ရှိပါတယ်။ ရွှေကျင်မြို့နယ် ရဲသောင်ကျေးရွာအုပ်စုဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့  ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို  အောင်မြင်စွာကျင်းပခဲ့တဲ့ ကျေးရွာအုပ်စု ဖြစ်ပါတယ်။ နေလင်းထိုက်
3 months Ago

May 25, 2020

မြေစာရင်းဦးစီးမှူးအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ

လယ်မြေတွေအတွက် ပုံစံ-၇ ထုတ်ပေးဖို့ဆိုပြီး ငွေတွေတောင်းခဲ့တဲ့ မြို့နယ် မြေစာရင်းဦးစီးမှူး အပါအဝင် ၃ ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကော်သဇင်ရွာကတောင်သူတွေဟာ လယ်ယာမြေ ပုံစံ ၇ ရဖို့ တိုင်းတာဖော်ထုတ်တာအတွက် တဧကကို ငွေ ၁၀၀၀၀ ပေးခဲ့ရတယ်လို့ တိုင်ကြားလာတဲ့အကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။ ဒါကြောင့် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထွဋ်အောင် (အခု မြို့နယ်ဦးစီးမှူး၊ နမ့်စန်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ရှမ်းပြည်နယ်-တောင်ပိုင်း)၊ လက်ထောက် ဦးစီးမှူး ဦးနွယ်မင်းသန်းနဲ့ မြေတိုင်း(၄) ဦးသန်းဇော်မင်း တို့ဟာ ပဒဲကောကျေးရွာအုပ်စု၊ ကော်သဇင်ကျေးရွာ ကွင်းအမှတ်(၃၄) (ဧက ၁၀၀၀ ကွင်း) မှာရှိတဲ့ လယ် ၉၈၇ ဒသမ ၇၁ ဧက အတွက် ပုံစံ ၇ လုပ်ပေးရာမှာ တဧကကို ကျပ် ၁၀၀၀၀ တောင်သူတွေဆီက ကောက်ခံခဲ့ပြီး ငွေကျပ် ၉၂ သိန်း လက်ခံရယူခဲ့တာ စစ်ဆေးပေါ်ပေါက်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ ၃ ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်း၊ ရွှေကျင်မြို့မရဲစခန်းမှာ မေ ၂၂ ရက်က ပထမသတင်းပေးတိုင်ချက်ဖွင့်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
8 months Ago
More News
Up