ရွေးကောက်ပွဲ ဝင်ပြိုင်မည်

July 23, 2020

သမ္မတဦးဝင်းမြင့်က တာမွေမြို့နယ်၊ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ပြိုင်မည် 

လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တာမွေမြို့နယ် ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်ကနေ  ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်အတွက် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က အတည်ပြုပြောကြားလိုက်ပါတယ်။ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်မှာ ၃ ရက်မြောက်နေ့အဖြစ်ဆက်လက်ကျင်းပနေပြီး ကိုယ်စားလှယ်လောင်းတွေ အတည်ပြုရွေးချယ်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။  ဒေါက်တာဇော်မြင့်မောင်က “ပြောနိုင်တာကတော့ ပထမဆုံး ခင်ဗျားတို့ သိချင်နေတာက ဒေါ်ဆောင်ဆန်းစုကြည်က ကော့မှူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်မှာ။ သမ္မတကြီး ဦးဝင်းမြင့်က တာမွေကနေ ပဲ ပြည်သူ့လွှတ်တော်မှာ ဝင်ပြိုင်မှာ။ ဒါကတော့ ခင်ဗျားတို့ အားလုံး စိတ်ဝင်စားနေကြတဲ့ဟာပေါ့။ အဲတော့ ခင်ဗျားတို့မေးမေးနေတဲ့ ဝန်ကြီးချုပ်တွေရော ပြိုင်ကြမှာလားဆိုတော့ ယေဘုယျခြုံပြီး ပြောရမယ်ဆိုရင် ဝန်ကြီးချုပ်တွေမှာ အခွင့်အရေးရှိတယ်။ မပြိုင်ရဘူးလို့ ပြောထားတာမရှိဘူး။ သူတို့လည်း လျှောက်လွှာတင်ကြတယ်။ တော်တော်များများ ပြန်တင်ပါတယ်။ အဲဒီတော့ ဝန်ကြီးချုပ်တွေလည်း သက်ဆိုင်ရာ ပြည်နယ် တိုင်းက လျှောက်လွှာတင်ထားပါတယ်။ ကျနော်လည်း ပြန်အရွေးခံရတယ်။” လို့ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကနေ ကိုယ်စားလှယ်လောင်း စုစုပေါင်း  ၁၁၃၁ ဦး ဝင်ပြိုင်မှာဖြစ်ပြီး  ကိုယ်စားလှယ်လောင်းစာရင်းကိုတော့ ဒီကနေ့ မွန်းလွဲ ၂ နာရီလောက်မှာ အန်အယ်လ်ဒီ ဝက်ဆိုက်ကနေတင်သွားမယ်လို့လည်း သိရပါတယ်။ 
3 years Ago
Up