ရွေးကောက်ပွဲသစ်

August 5, 2021

ရွေးကောက်ပွဲသစ်ကို ကြိုဆိုကြောင်း ကြံ့ခိုင်ရေးပါတီနှင့်အပေါင်းပါများ ကြေညာ

ရွေးကောက်ပွဲသစ်ကျင်းပမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ကတိပြု ပြောကြားလိုက်တဲ့အပေါ်မှာ ကြိုဆိုတဲ့အကြောင်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ကြတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် မဟာမိတ် ၂၈ ပါတီက  ဩဂုတ် ၄ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။

စစ်ကောင်စီဟာ လာမယ့်  ၂၀၂၃ ခုနှစ် ဩဂုတ်လ အထိ နိုင်ငံတော်အာဏာဆက်လက်ယူထားပြီး ရွေးကောက်ပွဲသစ်ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်း ၆ လပြည့်  ဩဂုတ် ၁ ရက်မှာနေ့ မိန့်ခွန်းမှာ ထည့်သွင်း ကတိပြုပြောကြားခဲ့တာပါ။

ဒါနဲ့ ပတ်သက်ပြီးကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေက     စစ်မှန်၍ စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် လွတ်လပ်၍ တရားမျှသော ရွေးကောက်ပွဲ မဖြစ်မနေလုပ်မယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ် ကာလပြဋ္ဌာန်းချက်နဲ့ အညီ ဆောင်ရွက်မယ်ဆိုတဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ ကတိပြုချက်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုတယ်လို့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရပ်ရွာအေးချမ်းသာယာရေးနဲ့ တည်ငြိမ်အေးချမ်းရေးတည်ဆောက်ရာမှာ စစ်ကောင်စီကို ပူးပေါင်းကူညီမှာဖြစ်သလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ ပူးပေါင်းကူညီဆောင်ရွက်နေတယ်လို့ လည်းဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဝင်ကြီးဌာနတချို့ကို စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီးလည်း ၂၈ ပါတီက ကြိုဆိုကြောင်းနဲ့  စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုစီးပွားရေးကို အားပေးကူညီမယ့် စစ်ကောင်စီရဲ့ မူဝါဒါဟာ လက်တွေ့ကျတဲ့အတွက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါအပြင် ဇူလိုင် ၂၉ ရက်က ဗြိတိန်နိုင်ငံက ကမကထပြုဆောင်ရွက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလွတ်သဘောဆွေးနွေးပွဲမှာ  မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ဆွေးနွေး ပြောကြားခဲ့တာတွေကို ၂၈ ပါတီက ကန့်ကွက်ရှုတ်ချထားပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီတွေဟာ ၂၀၂၀ နိုဝင်ဘာ ၈ ရက်  အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ကြပြီးနောက် စစ်တပ်အာဏာသိမ်း၊ ရွေးကောက်ပွဲ ရလဒ်ဖျက်သိမ်းဖို့နဲ့ အန်အယ်လ်ဒီပါတတီကို ဖျက်သိမ်းပစ်ဖို့ အကြံပြုတိုက်တွန်းနေကြတဲ့  ပါတီတွေဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို  စစ်တပ်ကပယ်ဖျက်လိုက်တဲ့ အပေါ် တိုင်းရင်းသားနိုင်ငံရေးပါတီတွေက လက်မခံကြောင်းပြောကြားထားသလို   ရွေးကောက်ပွဲ သစ်ကျင်းပမယ့်အပေါ် အယုံအကြည်မရှိကြောင်း ပြောကြားထားကြပါတယ်။ 

Photo- USDP

3 months Ago

February 1, 2021

ရွေးကောက်ပွဲသစ်ပြန်ကျင်းပမည်ဟု တပ်မတော်ကြေညာ

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအသစ် ပြန်ကျင်းပပြီး အနိုင်ရတဲ့ပါတီကို ဒီမိုကရေစီစံချိန်စံနှုန်းနဲ့အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

နိုင်ငံ​တော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အန်အယ်လ်ဒီ ပါတီ​ခေါင်း​ဆောင်​တွေကို ဒီ​နေ့မနက်အာရုံတက်ချိန်မှာ တပ်မ​တော်က ဖမ်းဆီးထိန်းသိမ်းကာ  နိုင်ငံတော် အာဏာသိမ်းယူးလိုက်ပြီးနောက်  ထုတ်ပြန်တာပါ။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းတွေ ကြီးမားစွာ ကွာခြားမှုများ ရှိနေတာ ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပျက်ကွက်ခဲ့သလို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးအား ခေါ်ယူပြီး ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ပေမယ့် ဆောင်ရွက်ဖို့ ဆက်လက်ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ    အစည်းအဝေး ခေါ်ယူဖြေရှင်းပေးဖို့ နိုင်ငံတော်သမ္မတကို  နှစ်ကြိမ် တင်ပြခဲ့ပေမယ့် ငြင်းပယ်ခဲ့ကြောင်း၊ ဒါကြောင့် ပြည်ထောင်စုရေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းတွေ စစ်ဆေးတာ အပါအဝင် လုပ်သင့် လုပ်ထိုက်တာတွေကို ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လတ်တလော ဖြစ်ပွားနေဆဲဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်မှာဖြစ်ပြီး ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖြစ်နိုင်သမျှ နည်းလမ်းတွေနဲ့ အမြန်ဆုံး ကုစားသွားမယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အန်စီအေပါ သဘောတူညီချက်တွေတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ဆိုပါတယ်။

9 months Ago
Up