ရွေးကောက်ပွဲရလဒ်

A d v e r t i s e m e n t With Us

February 2, 2021

ဖမ်းထားသူများ လွှတ်ပေးရန်နှင့် ရွေးကောက်ပွဲရလဒ်အသိအမှတ်ပြုရန် အန်အယ်လ်ဒီတောင်းဆို

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကိ  အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပေးဖို့ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူကာ  အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီက ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တတိယအကြိမ် လွှတ်တော်ခေါ်ယူဖို့၊ နိုင်ငံတော် တည်ငြိမ်ရေး၊ ပြည်သူတို့ရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းရေး၊ ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားရေးအတွက် အလေးအနက် တောင်းဆိုတယ်လို့ ဆိုပါတယ်။

တတိယအကြိမ် လွှတ်တော် အစည်းအဝေး မတိုင်မီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အာဏာသိမ်းခဲ့တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်တာ ဖြစ်တဲ့အပြင် အချုပ်အခြာ အာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားတွေရဲ့ အချုပ်အချာကို မျက်ကွယ်ပြုတာဖြစ်သလို နိုင်ငံတော်နဲ့ တပ်မတော် သမိုင်းကိုလည်း ညစ်နွမ်းစေတဲ့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့  ကြေညာချက်မှာ ဖော်ပြပါတယ်။

1 month Ago

January 29, 2021

ရွေးကောက်ပွဲရလဒ်ကိုလက်ခံရန် တပ်မတော်နှင့် နိုင်ငံရေးပါတီများကို တိုက်တွန်း

တပ်မတော်အပါအဝင် သက်ဆိုင်ရာနိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ်မှုကို ထိန်းသိမ်းကာ အာဏာလွှဲပြောင်းမှုဖြစ်စဉ် ချောမွေ့ရေးဝိုင်းဝန်း ဆောင်ရွက်ကြဖို့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ဇန်နဝါရီလ ၂၉ ရက်မှာ   ပူးတွဲကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ်အခြေခံကာ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကြောင့် ရွေးကောက်ပွဲအလွန်ကာလမတည်မငြိမ်ဖြစ်မှု၊ အာဏာလွှဲပြောင်းမှုကြန့်ကြာစေနိုင်သလို မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုလုပ်ငန်း နှောင့်နှေးတုံ့ဆိုင်းသွားမှာကို နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်နေတယ်လို့ဆိုပါတယ်။ 

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာမှုတွေအရ ရွေးကောက်ပွဲဥပဒေမူဘောင်နဲ့ လုပ်ထုံးလုပ်နည်း အားနည်းချက်တွေအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ အကန့်အသတ်ကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ အားနည်းချက်တွေလေ့လာတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်ဟာ မဲဆန္ဒရှင်အများစုရဲ့ သဘောထားနဲ့အညီ ရရှိလာတဲ့ ရွေးကောက်ပွဲရလဒ်တွေဖြစ်တာကို ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ အနေနဲ့ တွေ့ရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့် အားနည်းချက်တွေကို သင်ခန်းစာယူပြီး နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးညှိနှိုင်း ပြင်ဆင်တာဟာ အနာဂတ်ရွေးကောက်ပွဲလုပ်ငန်းစဉ် ပိုမို ကောင်းမွန်လာရေးအတွက် မှန်ကန်တဲ့ နည်းလမ်းဖြစ်တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

ပူးတွဲကြေညာတဲ့အဖွဲ့တွေထဲမှာ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)၊  မြန်မာနိုင်ငံရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊လူထုရပိုင်ခွင့် ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့၊  ပဲခူးဒေသလေ့လာ စောင့်ကြည့်ရေးအဖွဲ့၊ အောက်ချင်းအရပ်ဘက်လူမှုအဖွဲ့၊ ကဒူးလူငယ်ဖွံ့ဖြိုးရေးအသင်း၊ မြန်ဖရယ်၊ Rainmaker၊ နယူးမြန်မာ ဖောင်ဒေးရှင်း၊ ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်းနဲ့ ဖန်တီးအိမ် စတဲ့အဖွဲ့တွေ  ပါဝင်ပါတယ်။ 

1 month Ago

ရွေးကောက်ပွဲရလဒ်ကို လေးစားရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တိုက်တွန်း

မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးအနေနဲ့ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို  လေးစား လိုက်နာကြဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က တိုက်တွန်းပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာမသိမ်းဘူးလို့ မပြောနိုင်တဲ့ အကြောင်း အတိအလင်း ပြောဆိုခဲ့ပြီးနောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်စား  ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၂၈ ရက်က  ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ် အနေနဲ့ အလွန်အမင်း စိုးရိမ်တဲ့ အကြောင်းလည်း ပြောပါတယ်။ 

သက်ဆိုင်သူအားလုံးအနေနဲ့ ဘယ်လို လှုံ့ဆော်ရန်စ၊ ခေါင်းဆောင်မှုပြသတာမျိုးကိုမျှ မလုပ်ကြဖို့၊ ဒီမိုကရေစီစံနှုန်းတွေကိုလိုက်နာကြဖို့နဲ့  နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့လည်း   အတွင်းရေးမှူးချုပ်က ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို တရားဥပဒေ ယန္တရားတွေကနေ တဆင့် ဖြေရှင်းဖို့ လည်းတိုက်တွန်းပါတယ်။

မြန်မာအစိုးရဆောင်ရွက်နေတဲ့  ငြိမ်းချမ်းရေး၊ အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်း စာနာမှု ဆောင်ရွက်ချက်တွေ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်တွေကိုလည်း  ကုလသမဂ္ဂအနေနဲ့ ထောက်ခံအားပေးကြောင်း ထပ်လောင်းအတည်ပြုတယ်လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

1 month Ago

ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေရန် အားထုတ်မှု သံတမန်အဖွဲ့အစည်းများ ကန့်ကွက်

ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲစေဖို့ ဒါမှမဟုတ်  မြန်မာ့ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုကို ကြန့်ကြာစေဖို့ ဘယ်လို ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို  ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်း  မြန်မာနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အစည်းတွေက ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ 

မကြာသေးမီက ကျင်းပခဲ့သော နိုင်ငံတစ်ဝန်းရွေးကောက်ပွဲမှာ သမိုင်းဝင်ပါဝင်ခဲ့ကြမှုအတွက် မြန်မာနိုင်ငံသားတွေကို  ဂုဏ်ယူဝမ်းမြောက်ကြောင်း ထပ်မံပြောကြားလိုတယ်လို့လည်းဆိုပါတယ်။ 

မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးနဲ့ နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေးနဲ့ ဖြိုးရေး မြှင့်တင်နိုင်ဖို့ ကြိုးပမ်းအားထုတ်နေမှုကို အားပေးထောက်ခံအားပေးကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်မှာ လွှတ်တော်အသစ် စတင်ရေးနဲ့ သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်ကို ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နိုင်ရေးမျှော်လင့်တယ်လို့လည်းဆိုပါတယ်။

တပ်မတော်နဲ့ နိုင်ငံအတွင်းရှိတခြား  လူပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးအနဲ့ ဒီမိုကရေစီစံနှုန်း တွေကို လိုက်နာစောင့်ထိန်းကြဖို့လည်း  တိုက်တွန်းလိုက်ပါတယ်။ 

ပူးတွဲတောင်းဆိုတဲ့ သံတမန်အဖွဲ့အစည်းတွေထဲမှာ သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့သံရုံးတွေဖြစ်တဲ့ ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ဆွီဒင် အပြင်  ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန်၊ နော်ဝေနဲ့  နယူးဇီလန်နိုင်ငံ ဆိုင်ရာသံရုံးတွေလည်း ပါဝင်ပါတယ်။

1 month Ago
More News
Up