ရွေးကောက်ပွဲပြန်ကျင်းပပေးရန်

January 5, 2021

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်လာသဖြင့် ရွေးကောက်ပွဲပြန်ကျင်းပပေးရန် ပါတီများ တိုက်တွန်း

ရခိုင်ပြည်နယ်မှာ ဒေသတွင်း တည်ငြိမ်လာတာကြောင့် ဘူးသီးတောင်နဲ့ မောင်တောအပါအဝင် မြို့နယ်တွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီတွေက တိုက်တွန်းလိုက်ပါတယ်။ ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဘူးသီးတောင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်သိန်းက  "အမှန်တကယ်ရွေးကောက်ပွဲ ပြန်လည်ကျင်းပမယ်ဆိုရင် အဆင်ပြေမယ့် အခြေအနေရှိပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ နှစ်ဖက် ဖြစ်နေတဲ့ တိုက်ပွဲတွေကို ရပ်ပြီးတော့ နှစ်ဖက်စလုံးက ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ တောင်းဆိုနေကြတဲ့ အခြေအနေရှိနေတယ်။ သမ္မတကလည်း ရွေးကောက်ပွဲလုပ်ဖို့အတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ဖို့ လှုံ့ဆော်ထားတာရှိတယ်။ ကျနော်တို့ ဘူးသီးတောင်မြို့နယ်ရယ်၊ မောင်တော မြို့နယ်နဲ့ အခြားမြို့တွေမှာပါ ရွေးကောက်ပွဲလုပ်မယ်ဆိုလုပ်လိုရတဲ့ အနေအထားရှိပါတယ်” လို့ ပြောပါတယ်။  ရခိုင်ပြည်နယ် ပေါက်တော၊ ပုဏ္ဏာကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး မြို့နယ်နဲ့ ကျောက်ဖြူ၊ အမ်း၊ စစ်တွေနဲ့ တောင်ကုတ်မြို့နယ်တွေထဲက ကျေးရွာအုပ်စုတချို့ကို အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့စွဲနဲ့ ကြေညာခဲ့တာပါ။ ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲချုပ် အတွင်းရေးမှူး ဦးအောင်မြင့်က "ဘူးသီးတောင်မြို့နယ်မှာ ကျေးရွာ ၃၀ နီးပါးလောက်က မြို့ပေါ်ကိုရောက်နေတဲ့အခါ၊ အေးချမ်းမှုလည်း ရှိနေတဲ့အခါ ရွေးကောက်ပွဲလုပ်ရင် ပိုလို့ အဆင်ပြေပါတယ်။ မြို့ပေါ်မှာ လူတွေစုနေတဲ့ သဘောရှိတဲ့အတွက် လွယ်လွယ်ကူကူလည်း လုပ်နိုင်မှာပါ။ ရခိုင်တပ်တော်ဘက်ကရော ကာကွယ်ရေးဘက်ကရော ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ထုတ်ပြန်ထားတဲ့အတွက် တစုံတရာ အနှောင့်အယှက်မရှိနိုင်ဘူးလို့ ယူဆ​ပါတယ်။" လို့ ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၃၀ လောက်က ကျေးရွာအုပ်ချုပ်ရေးမှူတွေ အပါအဝင် ရွာသူရွာသားတွေဟာ မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၄ ခုအပါအဝင် စုရပ် ၂၀ လောက်မှာ စစ်ဘေးခိုလှုံနေကြတာလို့ သိရပါတယ်။ ဘူးသီးတောင်မြို့နယ် ရခိုင်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ကိုစိုးမိုးနိုင် (ခ) မောင်သာဖြူက "ရွေးကောက်ပွဲကျင်းပဖို့အတွက်က အစိုးရအနေနဲ့ ဘာမှပါဝင်လာတာ မတွေ့ရသေးပါဘူး။ လက်နက်ကိုင်အဖွဲ့တွေကတော့ ရွေးကောက်ပွဲကျင်းပဖို့ တိုက်တွန်းထာတာတွေကို အစိုးရအနေနဲ့ ပူးပေါင်းပါဝင်ပြီးတော့ ပြည်သူတွေရဲ့ အနာဂတ်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းချင်တယ်” လို့ ​တိုက်တွန်းပါတယ်။ စစ်ရေးပဋိပက္ခတွေပြင်းထန်မှုကြောင့် ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲ့ မြို့နယ် ၉ ခုအနက် ကျောက်တော်မြို့ နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် Mr. Yohei Sasakawa နဲ့အဖွဲ့က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ သွားရောက်လေ့လာခဲ့ပြီး အဲဒီဒေသတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေအဖွဲ့တို့ကြား တိုက်ပွဲမဖြစ်တာ ၁ လလောက်ရှိပြီဖြစ်ပြီး စစ်ဘေးရှောင်အချို့လည်း နေရပ် ပြန်နေကြတယ်လို့ သိရပါတယ်။ သတင်း - လင်းလက်
4 months Ago

December 20, 2020

တိုက်ပွဲရပ်တန့်ရေးနှင့် မကျင်းပဖြစ်သည့် နေရာများတွင် ရွေးကောက်ပွဲပြန်ကျင်းပရေး CSSU ဆွေးနွေး

ရှမ်းထိပ်သီးခေါင်းဆောင်တွေ တက်ရောက်တဲ့ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အွန်လိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်ကနေ ဒီဇင်ဘာ ၁၉ ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့ မကျင်းပဖြစ်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲ ပြန်ကျင်းပရေး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီအစည်းအဝေးမှာ ၂၁ ရာစုပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိစ္စ၊ အထွေ‌ထွေ ရွေးကောက်ပွဲကိစ္စ၊ ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ဖို့ကိစ္စ၊ BRI_CMEC ကိစ္စတွေနဲ့ လက်ရှိ တိုက်ပွဲတွေ ရပ်တန့်နိုင်‌ရေး ကိစ္စရပ်တွေ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ CSSU ကိုယ်စား SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်း‌ကျော်ညွန့်က ပြောပါတယ်။  ဒါ့အပြင် မပြီးပြတ်သေးတဲ့ တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရမယ့် နည်းလမ်းတွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  စီမံကိန်းတွေကြောင့် ဖြစ်ပေါ်လာမယ့် ပဋိပက္ခတွေ၊ ရှမ်းပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ မလုံခြုံမှုတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း ရေးသားထားပါတယ်။  ရှမ်းခေါင်းဆောင်တွေဟာ ၂၀၁၆ က မီကာဆာဟိုတယ်မှာ တွေ့ဆုံဖို့ စီစဉ်ပွဲဖျက်ခံရကတည်းက ခုမှ ပြန်တွေ့ကြတာလည်း ဖြစ်ပါတယ်။  ဗိုလ်ချုပ်ဆေထင်၊ SSJAC အဖွဲ့ဝင် စိန်ကျော့ပြည်သူ့စစ်က စဝ်ကိုင်ဖ၊ RCSS ဘက်က တာဝန်ရှိသူ‌တွေလည်း တက်ရောက်လာတဲ့အတွက် အွန်လိုင်းဆိုပေမယ့် ထူးခြားတဲ့အချက်ပါလို့ စိုင်းကျော်ညွန့်က ပြောပါတယ်။  သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ကို ၂၀၁၃ က စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ စိန်ကျော့ပြည်သူ့စစ် တို့ပါဝင်တဲ့ SSJAC ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၊ ရှမ်းအမျိုးသမီး ဆက်သွယ် ဆောင်ရွက်ရေးအဖွဲ့ SWAN တို့ ပါဝင်ပါတယ်။ Photo : SSPP Info
4 months Ago
Up