ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ

January 29, 2021

သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ကို တိုင်ကြားထားသည့် စာချွန်တော်အမှု အမိန့်မချဖြစ်

ပြည့်ဘုန်းအောင်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့နဲ့ ပတ်သက်ပြီး လျှောက်ထားတဲ့ စာချွန်တော်အမိန့် လက်ခံသင့်မသင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကနေ ဒီနေ့ အမိန့်မချဖြစ်ဘဲ အချိန်နှစ်လ နောက်ဆုတ်လိုက်တယ်လို့ စုံစမ်းသိရပါတယ်။

အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က “အတိအကျတော့ မသိရသေးဘူး။ ကျနော်တို့ ကြားမိတာကတော့ စာချွန်တော်အမိန့်က ဒီနေ့မချဖြစ်ဘူး အချိန် နှစ်လ နောက်ဆုတ်လိုက်တယ်လို့ပဲ ကြားမိသေးတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

စာချွန်တော် အမိန့်လက်ခံသင့် မခံသင့် ကြားနာမှုကိုတော့ ဒီကနေ့ဇန်နဝါရီ ၂၉ ရက်နေ့မနက် ၉ နာရီခွဲကစပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက တရားသူကြီးတွေက Video Conferencing စနစ်နဲ့ အွန်လိုင်းကနေ ကြားနာ စစ်ဆေးခဲ့တာပါ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ စစ်ဆေးတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ကို တိုင်ကြားတဲ့ စာချွန်တော်အမိန့်ကို စီရင်ချက်ချမှတ်ဖို့ သီးသန့်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

အခုလို ရက်ချိန်းနောက်ဆုတ်လိုက်တာဟာ အရေးကြီးတဲ့နိုင်ငံတော်အမှုဖြစ်တာကြောင့် အချိန်ယူ လေ့လာသုံးသပ်ဆောင်ရွက်ရမှာကြောင့် ဥပဒေကြောင်းအရ ရက်ချိန်းပြန်လည်ပေးတဲ့ သဘောလို့ ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုတွေရှိခဲ့တယ်ဆိုပြီး ဖြေရှင်းပေးဖို့ ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသား နိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့က အာဏာပိုင်မေး စာချွန်တော် အမိန့်နှစ်ခုနဲ့ အာဏာပေး စာချွန်တော် အမိန့်တစ်ခု စုစုပေါင်း စာချွန်တော် သုံးမှု လျှောက်ထားခဲ့တာပါ။

လျှောက်ထားတဲ့ စာချွန်တော် သုံးမှုမှာတော့ နိုင်ငံတော် သမ္မတဦးဝင်းမြင့် အပါအဝင် ၄ ဦးကို ဦးတည်လျှောက်ထားမှု တစ်ခုနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ၁၅ ဦးကို အာဏာပိုင်မေး စာချွန်တော် နစ်မှု လျှောက်ထားခဲ့တာပါ။

ကြံ့ခိုင်ရေးပါတီက လျှောက်တဲ့ စာချွန်တော်အမှုကို တရားလွှတ်တော်ရှေ့နေ ဒေါ်မို့မို့စိန်က ဆောင်ရွက်ခဲ့တာဖြစ်ပြီး အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီက လျှောက်ထားတဲ့ စာချွန်တော် အမှုကိုတော့ ရှေ့နေဦးဇော်ဝိတ်နဲ့ ဒေါ်ခင်ခင်ဌေး တို့က ဆောင်ရွက်ခဲ့တာပါ။

အာဏာပိုင်မေး စာချွန်တော် အမိန့်ဆိုတာဟာ အစိုးရ အာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် ထိခိုက်နစ်နာတယ်လို့ ယူဆရင်၊ ပြန်လည် တရားစွဲဆိုနိုင်ဖို့ ခွင့်ပြုထားတဲ့ အမိန့်ပါ။ 

အာဏာပေး စာချွန်တော် အမိန့်ဆိုတာကတော့ တရားဝင် အခွင့်အာဏာရှိသူတစ်ဦး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်နဲ့အညီ လိုက်နာဆောင်ရွက်မှု ပျက်ကွက်ရင် ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ ရေးသားထုတ်ပြန်ထားတဲ့ အမိန့်စာ ဖြစ်ပါတယ်။

3 months Ago

November 17, 2020

ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတိုင်ကြားစာ မရရှိသေးဟု ကော်မရှင်ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲဆိုင်ရာ  အငြင်းပွားမှုတွေ၊  တရားမဲ့ပြုကျင့်မှုတွေကို  ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက် ၄၅ ရက် အတွင်းတိုင်ကြားရမှာဖြစ်ပြီး အခုအချိန်အထိ  တိုင်ကြားစာ တစ်စောင်မှ မရရှိသေးဘူးလို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။  နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပပြီးစီးသွားတဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းစာနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။ ကော်မရှင် ဥက္ကဋ္ဌ   ဦးလှသိန်းက“ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေကိုတော့ ရွေးကောက်ပွဲရလဒ် ကြေညာပြီးနောက်ပိုင်း ၄၅ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားရမှာဖြစ်ပါတယ်။ ယခု အချိန်အထိတော့ ကျနော်တို့ လက်ဝယ်ကို တိုင်ကြားစာ တစ်စောင်မှ ရရှိခြင်း မရှိသေးပါဘူး။” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးလာတဲ့သူ အရေအတွက်က ၃၉ သန်းကျော်ရှိတယ်လို့ ပြောဆိုချက်တွေဟာလည်း မှန်ကန်မှုမရှိဘူးလို့  ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ရှင်းလင်း ပြောပါတယ်။  ရွေးကောက်ပွဲရလဒ် ကြေညာနေစဉ်မှာပဲ သတင်းအမှားတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအမှားကတော့ မဲဆန္ဒရှင်စာရင်းမှာ ၃၇ သန်း ကျော်ပဲရှိတယ်။ မဲပေးလာတဲ့ အရေအတွက်က ၃၉ သန်းကျော်ဆိုပြီး တက်လာ ပါတယ်။ ဒါက သတင်းမှားပါ။ တကယ့်သတင်းအမှန်ကတော့ မဲဆန္ဒရှင်စာရင်း အရေအတွက်က ၃၈ သန်းပဲရှိပါတယ်။ မဲလာပေးတဲ့ မဲဆန္ဒရှင်က ၂၇ သန်း ဖြစ်ပါတယ်။ ရာခိုင်နှုန်းအနေနဲ့ ပြောမယ်ဆိုရင် ၇၀ ရာခိုင်နှုန်းကျော်ပါတယ်။”လို့  ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။ မြန်မာရွေးကောက်ပွဲအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၄၆ သန်း အကူအညီပေးတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး  အဓိပ္ပာယ်ကောက်ယူမှု လွဲမှားတာဖြစ်တယ်လို့ လည်းဆိုပါတယ်။ “ဒီဟာက အမေရိကန်သံရုံးရဲ့ ပြောဆိုမှုကို အဓိပ္ပာယ်ကောက်ယူမှု လွဲမှားတာပါ။ တကယ်တော့ အမေရိကန်သံရုံးကပြောတာက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် လုပ်ငန်းတွေအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၄၆ သန်း အကူအညီပေးတယ်လို့ ပြောတာပါ။ ကျနော်တို့ကို ဒေါ်လာ ၄၆ သန်း ပေးတယ်လို့ ပြောတာမဟုတ်ပါဘူး။ သူတို့က ဒေါ်လာ ၄၆ သန်း ပေးတယ်ဆိုတာက ကျနော်တို့ကိုဝယ်ပေးတဲ့ စက်ပစ္စည်းဖိုးတွေ၊ သင်တန်း တွေအတွက် စရိတ်တွေကို ဒီအထဲက ကျခံတာကိုပြောတာပါ။ ငွေသားအနေနဲ့ ကျနော်တို့ကို တစ်ဒေါ်လာမှ မပေးပါဘူး။ အဲဒါကို တချို့ပုဂ္ဂိုလ်တွေက ဒေါ်လာ ၄၆ သန်းစလုံးကို ကျနော်တို့ ရရှိတယ်လို့ ထင်မြင်ချက်ပေးတာပါ။ ငွေသားအနေနဲ့ တစ်ဒေါ်လာမှ မရပါဘူး။” လို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  ဥက္ကဋ္ဌ   ဦးလှသိန်းက ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ကော်မရှင်က နိုဝင်ဘာ ၁၅ ရက်မှာ အပြီးသတ်ကြေညာခဲ့ပြီး ပြည်သူ့လွှတ်တော်မှာ ၃၁၅ ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၆၁ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆၁၂ ဦး၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ၂၉ ဦး  စုစုပေါင်း ကိုယ်စားလှယ်  ၁,၁၁၇ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။  ဓာတ်ပုံ- Myanmaalinn
5 months Ago
Up