ရွေ့လျားဓာတ်ခွဲခန်း

August 4, 2020

ဗီယက်နမ် ဒါနန်းမြို့တွင် ရွေ့လျားဓာတ်ခွဲခန်းဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေး

ဗီယက်နမ်နိုင်ငံ ကမ်းရိုးတန်းမြို့ ဒါနန်းမှာ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ရှိ၊ မရှိ စစ်ဆေးတဲ့ ရွေ့လျားဓာတ်ခွဲခန်းကို အာဏာပိုင်တွေက သြဂုတ် ၃ ရက်မှာ ချထားလိုက်ပါတယ်။ လူဦးရေ ၁ ဒသမ ၁ သန်းရှိတဲ့ ဒါနန်းမြို့က လူအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ရှိ၊ မရှိ စမ်းသပ်ဖို့ စီစဉ်ထားတယ်လို့ အစိုးရက သြဂုတ် ၁ ရက်မှာ ပြောပါတယ်။  အရင်သီတင်းပတ်က ဒါနန်းမြို့မှာ အစုလိုက် အပြုံလိုက် ကူးစက်ခံရအပြီး အသွားအလာ အဝင်အထွက် ပိတ်ဆို့ ကန့်သတ်လိုက်ကာ ဖျော်ဖြေရေးနေရာတွေ အားလုံးကိုလည်း ပိတ်ပစ်လိုက်ပါတယ်။ ဇန်နဝါရီလထဲမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ချိန်က ကိုင်တွယ်ဖြေရှင်းပုံကြောင့် ဗီယက်နမ်နိုင်ငံဟာ ချီးကျူးခံခဲ့ရတာပါ။ ၃ လကျော်ကြာ ပြည်တွင်းကူးစက်မှု မရှိဘဲ နေခဲ့ရာက ဒါနန်းမြို့ ကူးစက်မှုနဲ့ ပတ်သက်ပြီး အစုလိုက် ကူးစက်မှု အတော်များများကို ရင်ဆိုင်ဖြေရှင်းနေရပါတယ်။ ဗီယက်နမ်အလယ်ပိုင်း ကုန်းမြင့်ဒေသက ဘုအွန်မာသွောက်မြို့ကိုလည်း တနင်္လာနေ့က စပြီး အသွားအလာ ကန့်သတ် လော့ဒေါင်းချထားတယ်လို့ အစိုးရမီဒီယာက ထုတ်လွှင့်ပါတယ်။ ရောဂါကူးစက်မှုအသစ်တွေ ဘယ်က စဖြစ်တယ်ဆိုတဲ့ အရင်းအမြစ်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမဲ့ မြို့တော် ဟနွိုင်း၊ စီးပွားရေး အချက်အချာ ဟိုချီမင်းမြို့တွေ အပါအဝင် ၁၀ နေရာထက်မနည်း ကူးစက်ပျံ့နှံ့နေပါတယ်။ လူဦးရေ ၉၆ သန်းရှိတဲ့ ဗီယက်နမ်မှာ ကိုဗစ်-၁၉ ကူးစက်ခံ အတည်ပြု လူနာ ၆၂၁ ယောက်ထက်မနည်း ရှိနေပြီး ကူးစက်ခံ ၆ ဦး သေဆုံးခဲ့ပါတယ်။
1 year Ago
Up