မြန်မာရွေ့ပြောင်းနေထိုင်သူ ၁၀၀၀ ကျော်ကို မလေးရှား အာဏာပိုင်တွေက မြန်မာရေတပ် စစ်သင်္ဘာနဲ့ နေရပ်ပြန်ပို့ လိုက်တဲ့အပေါ် ထိတ်လန့်တုန်လှုပ်မိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးသံတမန်တွေ၊ ကျွမ်းကျင်သူတွေက ပူးပေါင်း ကြေညာပါတယ်။
အသက် ၃ နှစ် အရွယ်ကလေးငယ်နဲ့ အရွယ်မရောက်သေးသူတွေအပါအဝင် မြန်မာနိုင်ငံသား ၁၀၈၆ ယောက်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ မလေးရှားလဝက က ပြန်ပို့ခဲ့ပါတယ်။ ကွာလာလမ်ပူတရားရုံးက ဥပဒေကြောင်းအရ သုံးသပ်ပြီး အဆိုပါ ပြန်ပို့တဲ့ကိစ္စကို ဆိုင်းငံ့ထားဖို့ အမိန့် ထုတ်ထားတဲ့ကြားက ခုလို့ ပြန်ပို့လိုက်တာပါ။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက် အခြေခံလူ့အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်ခံနေရချိန်မှာ ခုလို ရွေ့ပြောင်းနေထိုင်သူတွေကို ပြန်ပို့တာကို စိုးရိမ်ပူပန်မိတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူ အရာရှိတွေက ထုတ်ဖော်ပြောပါတယ်။ အဆိုပါ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာတွေဟာ လဝက ဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် မလေးရှား အကျဉ်းထောင်မှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသူတွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေအနေနဲ့ အခြေအနေကို အနီးကပ်ဆက်လက် စောင့်ကြည့်နေပြီး မလေးရှားအာဏာပိုင်တွေအနေနဲ့ ကျန်ရှိနေတဲ့ ရွေ့ပြောင်းနေထိုင်သူတွေကို ဆန်းစစ်ပြီးလိုအပ်တဲ့အကာအကွယ်တွေပေးဖို့ကိုလည်း တိုက်တွန်း တောင်းဆိုပါတယ်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၀၈၆ ယောက်ကို ပြန်လည်ခေါ်ဆောင်တဲ့ တပ်မတော်စစ်ရေယာဉ်တွေဟာ ဖေဖော်ဝါရီ ၂၃ ရက် မလေးရှားစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်မှာ လူမွတ် (Lumut) ရေတပ်ဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး နိုင်ငံတကာရေပြင်မှ မြန်မာနိုင်ငံသို့ ဆက်လက်ခုတ်မောင်း နေတယ်လို့ တပ်မတော်က မနေ့က သတင်းထုတ်ပါတယ်။
စစ်ရေယာဉ်နဲ့လိုက်ပါလာသူတွေအထဲက ဖျားနာရောဂါ၊ ချောင်းဆိုးရောဂါ၊ အထွေထွေရောဂါရှိတဲ့ လူနာ ၅၉ ယောက်ကို တပ်မတော် ဆေးအဖွဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ စစ်ရေယာဉ်ဟာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမယ်လို့ သိရပါတယ်။
PHOTO-DSINFO