ရှီးယိုက်မွတ်စလင်

July 23, 2019

နိုင်ဂျီးရီးယားတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ အဓိကရုဏ်းဖြစ်၊ ၁ ဦးထက်မနည်း သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာမှာ ဇူလိုင် ၂၂ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရှီးယိုက်မွတ်စလင် ဆန္ဒပြသူတွေအကြား အဓိကရုဏ်းအတွင်း ဆန္ဒပြသူ တယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ The Islamic Movement of Nigeria (IMN) အဖွဲ့ဟာ အဖမ်းခံထားရတဲ့ သူတို့ရဲ့ ခေါင်းဆောင် အီဘရာဟင် ဇက်ခ်ဇာကီကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုနေကြတာပါ။ အီဘရာဟင်ဟာ ၂၀၁၅ ခုနှစ်က အဖမ်းခံခဲ့ရတာပါ။ မြို့တော် အဘူဂျာမှာ သေနတ်သံတွေ ထွက်လာပြီး မော်တော်ကား နှစ်စီးထက်မနည်း မီးလောင်ခဲ့ပါတယ်။ ဒါ့အပြင် ရှီးယိုက်မွတ်စလင် အမျိုးသားတယောက်ရဲ့ အလောင်းကိုလည်း ရဲတပ်ဖွဲ့က သယ်ယူသွားခဲ့ကြပါတယ်။ ဒဏ်ရာရ ဆန္ဒပြသူတွေကို အနားက ခိုလှုံရေးစခန်းတခုမှာ ကုသပေးနေပြီး အဲဒီဆန္ဒပြပွဲမှာ သေဆုံးသူ အယောက် ၂၀ ကျော် ရှိခဲ့တယ်လို့ IMN အဖွဲ့ရဲ့ လူငယ်ခေါင်းဆောင်တဦးက ပြောပါတယ်။ ၂၀၀၉ ခုနှစ်မှာ နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က ဆွန်နီမွတ်စလင် စစ်သွေးကြွအဖွဲ့ ဘိုကိုဟာရမ်ရဲ့ ခေါင်းဆောင်ကို သုတ်သင်လိုက်ပြီးနောက် ဘိုကိုဟာရမ်အဖွဲ့ဟာ နိုင်ငံတွင်း အကြမ်းဖက် တိုက်ခိုက်တာတွေ အရှိန်မြှင့် တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာလည်း ရဲတပ်ဖွဲ့နဲ့ IMN အဖွဲ့ကြား တိုက်ခိုက်မှုတွေဟာ အလားတူ အစွန်းရောက်အခြေအနေ ဖြစ်လာမှာကို ပိုစိုးရိမ်နေကြတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up