ရှားပါးမျိုးစိတ်ဝင် ရေနဂါးဘာဘီကျူး ရောင်းချသည့် စားသောက်ဆိုင်ကို သက်ဆိုင်ရာမှပိတ်သိမ်း

January 23, 2018

ရှားပါးမျိုးစိတ်ဝင် ရေနဂါးဘာဘီကျူး ရောင်းချသည့် စားသောက်ဆိုင်ကို သက်ဆိုင်ရာမှပိတ်သိမ်း

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို ရှားပါးမျိုးစိတ်ဝင် ရေနဂါးဘာဘီကျူး ရောင်းချနေတဲ့ စားသောက်ဆိုင်တဆိုင်ကို သက်ဆိုင်ရာက ပိတ်ပင်လိုက်တယ်လို့ နေးရှင်းသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတပုံကြောင့် ခြေရာခံ အရေးယူနိုင်ခဲ့တာလို့ ဆိုပါတယ်။ ဖေ့စ်စ်ဘွတ်ခ်အသုံးပြုသူတဦးက ရေနဂါးတွေကို ခုလိုရောင်းချတာဟာ တရားဝင်ဖြစ်ပါရဲ့လား ဆိုတာကို မေးခွန်းထုတ်ခဲ့ပြီး ဓာတ်ပုံကို မျှဝေခဲ့တာပါ။ အဲဒီဆိုင်ဟာ ရေနဂါးဘာဘီကျူးကင်တချောင်းကို ဘတ် ၁၅၀ နဲ့ နိုင်ငံခြားသား ခရီးသည်တွေကို ရောင်းချခဲ့တာလို့ ဆိုပါတယ်။ အင်တာနက်အသုံးပြုသူတွေကြားမှာတော့ ဒါဟာ အပြောအများဆုံး အကြောင်းအရာတခု ဖြစ်လာခဲ့ကာ ဝေဖန်မှုတွေလည်း မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ပတ္တယားရေပေါ်ဈေး စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်တဲ့ မန်နက်စ် မီဖောင်ကတော့ ခုလိုရောင်းချမှုအပေါ် ဆိုင်ကို တားမြစ်လိုက်ပြီး ရောင်းချခွင့်လိုင်စင်ပါ ပိတ်လိုက်တယ်လို့ ပြောပါတယ်။ ရေနဂါးဘာဘီကျူးကင်ဟာ တရုတ်ကမ္ဘာလှည့် ခရီးသည်တွေကြားမှာတော့ ရေပန်းစားတဲ့ အစားအစာတမျိုး ဖြစ်နေပါတယ်။
4 years Ago
Up