ရှာဖွေတွေ့ရှိ

December 9, 2017

နှစ် ၄ သန်း သက်တမ်းရှိ လူသားအရိုးစု ရှာဖွေတွေ့ရှိ

တောင်အာဖရိကနိုင်ငံမှာ သက်တမ်းအရင့်ဆုံး လူသားမတိုင်ခင်/လူသားအကြို အရိုးစု တစုံကို ရှာဖွေတွေ့ရှိပြီး ပထမဦးဆုံးအကြိမ်အဖြစ် ခင်းကျင်းပြသထားတယ်လို့ သည်ဆန်းသတင်းမှာ ဒီဇင်ဘာ ၇ ရက်နေ့က ဖော်ပြထားပါတယ်။ ခြေသေး (Little Foot) လို့ အမည်ပေးထားတဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ သက်တမ်း ၃.၆၇ သန်းရှိ လူသားအရိုးစုက မျိုးတူတွေထဲ ကမ္ဘာပေါ်မှာ အပြည့်စုံဆုံး အရိုးစုလို့လည်းဆိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီအရိုးစုက မိန်းကလေးငယ်တဦး ၂၀ မီတာအနက် ဂူထဲပြုတ်ကျပြီး သေဆုံးထားတာလို့ ယူဆနေကြပြီး ဒီအရိုးစုကို တူးဖော်စုစည်းဖို့ တောင်အာဖရိကက သိပ္ပံပညာရှင်တွေ နှစ် ၂၀ ကြာခဲ့တယ်လို့လည်း သိရပါတယ်။ ရှာဖွေတွေ့ရှိတဲ့ အရိုးစုက ခေတ်သစ်လူသားတွေရဲ့ ဘိုးဘေးဘီဘင်တွေနဲ့ နီးစပ်ပြီး လူသားနဲ့ မျောက်ဝံတွေရဲ့ သွင်ပြင်လက္ခဏာတွေ ရောနေတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေက အခုတွေ့ရှိတဲ့ ခြေသေးအရိုးစုမတိုင်ခင် လူသားတွေက လက်တွေ ခြေထောက်တွေနဲ့ သွားလာခဲ့ကြတယ်လို့ ယူဆပြီး အခုအရိုးစုကတော့ လူသားနဲ့ ပိုမိုနီးစပ်ဆင်တူတယ်လို့လည်း ပြောပါတယ်။ အရိုးစုကို ရှာဖွေတွေ့ရှိခဲ့တဲ့ ရွန်ကလာ့က်က “ခြေသေးအရိုးစုက ဘာကိုပြနေလဲဆိုတော့ ကျနော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေက အရင် ခြေ လက် လေးချောင်းလုံးနဲ့ သွားလာကြတယ်၊ နောက်တဖြည်းဖြည်းနဲ့ မတ်မတ်ရပ်လာကြတယ်” လို့ ပြောပါတယ်။ ခြေသေးလို့ အမည်ပေးထားတဲ့ လူသားအကြို အရိုးစုကို လူထုတွေကြည့်ရှုနိုင်ဖို့ ဂျိုဟန်နာစ်ဘာ့ဂ်မြို့က ဝစ်စ်တက္ကသိုလ်မှာ ပြသထားမယ်လို့လည်း သိရပါတယ်။
4 years Ago

February 3, 2017

ဟုမ္မလင်းတွင် ရွှေတူးဖော်စဉ် ကျင်းပိသေဆုံးသူ ၇ ဦးအနက် ၆ လောင်း ရှာဖွေတွေ့ရှိ

ဟုမ္မလင်းမှာ ရွှေတူးဖော်စဉ် ကျင်းပိသေဆုံးသူ ၇ ဦးအနက် ၆ လောင်းကို ရှာဖွေတွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် နမ်တောဒေသ ထိန်ကုန်းကျေးရွာအနီးမှာ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်က ရွှေတူးဖော်ရာမှ ကျင်းပိသေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကျင်းပိသေဆုံးရာမှာ ဦးသာဆွေ(၄၅-နှစ်)၊ ဦးမောင်စိုး(၄၀-နှစ်)၊ မောင်ပြည့်စုံအောင် (၈-နှစ်၊ ဒုတိယတန်းကျောင်းသား)၊ မငွေကြည် (၃၈-နှစ်)၊ မတင်ဇာဝင်း (၂၄-နှစ်)၊ မနန်းနန်း(ခ) မမာနူး(ခ) မသင်းသင်းလှိုင် (၂၁-နှစ်)နဲ့ ၂-လသားအရွယ် ယောက်ျားလေး ၁ ဦး၊ စုစုပေါင်း ၇ ဦး သေဆုံးခဲ့တာပါ။ သေဆုံးအလောင်းတွေကို ရှာဖွေရာ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ  မငွေကြည် (၃၈-နှစ်)ကို တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မှာ  မနန်းနန်း(ခ)မမာနူး(ခ)မသင်းသင်းလှိုင် (၂၁-နှစ်)၊ မတင်ဇာဝင်း (၂၄-နှစ်) နှင့် ၂-လသားအရွယ်တို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ ဦးမောင်စိုး (၄၀-နှစ်)နဲ့ မောင်ပြည့်စုံအောင် (၈-နှစ်)တို့ကို ရှာဖွေတွေ့ရှိပြီး စုစုပေါင်း ၆ လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဦးသာဆွေ (၄၅-နှစ်) ကိုတော့ ကျင်းပိနေရာ အတိကျမသိတာကြောင့် ဆက်လက်ရှာဖွေမှု မလုပ်တော့ဘဲ ရပ်နားထားခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာဒေသမှာ ဟုမ္မလင်းမြို့နယ်အုပ်ချုပ်ရေးမှူးအပါဝင် တာဝန်ရှိသူတွေလည်း  လာရောက်ပြီး ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံ ဦးအောင်စိုးသိန်းက ပြောပါတယ်။
4 years Ago
Up