ရှာဖွေ

January 27, 2018

လူ ၅၀ ပါ ပျောက်ဆုံး ကီရီဘာတီသင်္ဘောကို ကယ်ဆယ်ရေးများ ရှာဖွေ

ကီရီဘာတီကျွန်းတွေမှာ ပျောက်သွားတဲ့ လူ ၅၀ လောက်ပါ သင်္ဘောတစီးကို ကယ်ဆယ်ရေးတွေက ရှာဖွေနေတယ်လို့ သိရပါတယ်။ အမ်ဗွီဘူတီရာအွိုင် အမည်သင်္ဘောကြီးက ဇန်နဝါရီလ ၁၈ ရက်နေ့မှာ နိုနိုအူတီကျွန်းကနေ ထွက်ခွာလာပြီး ခရီး ၂ ရက်ကြမယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ညမှာ ပျောက်ဆုံးနေတာ သိရလို့ နယူးဇီလန်နဲ့ ဖီဂျီနိုင်ငံတွေက တာဝန်ရှိသူတွေက ရှာဖွေရေးတွေ လုပ်ဆောင်နေကြပါတယ်။ ၅၇ ပေအရှည် နှစ်စင်းတွဲ ရွက်လှေသင်္ဘောကြီးက ကျွန်းတွေအကြား ခရီးသည်တွေကို သယ်ယူပို့ဆောင်ပေးတာဖြစ်ပြီး ရှာဖွေရေးကို ထောက်ပံ့ကူညီပေးနေတဲ့ နယူးဇီလန်နိုင်ငံရဲ့ ကယ်ဆယ်ပူးပေါင်းရေးဌာန (အာစီစီအန်ဇက်) က သဘောင်္ကြီးက နိုနိုအူတီကျွန်းကနေ ထွက်ခွာပြီး ၁၆၀ အကွာမှာရှိတဲ့ နိုင်ငံရဲ့အဓိက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘီတီယိုကျွန်းကို သွားခဲ့ကြောင်း ပြောပါတယ်။ သင်္ဘောကြီးက ၂၀ ရက်နေ့မှာ ဘီတီယိုကျွန်းကို ရောက်ရမှာ ဖြစ်ပေမယ့် ၇ ရက်လောက် ပျောက်နေခဲ့တာပါ။ နယူးဇီလန်လေတပ် ပီ-၃ အိုရီရွန်က ကယ်ဆယ်ရေးမှာ ပါဝင်လုပ်ဆောင်နေတယ်လို့ အာစီစီအန်ဇက်က ပြောပါတယ်။ သင်္ဘောနဲ့ ခရီးသည်တွေကို ရှာဖွေနိုင်ဖို့ ကျနော်တို့ လုပ်နိုင်သမျှ အကုန် လုပ်နေပါတယ် လို့ အကြီးတန်းရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အရာရှိ ဂျွန်အက်ရှ်ဘီက ပြောပါတယ်။ “ခရီးမထွက်ခင်လေးမှာပဲ သင်္ဘောကြီးရဲ့ ပန်ကာဒလက်တွေ ပြင်ရတယ်လို့ ကျနော်တို့ သိထားတယ်။ အဲ့ဒီကနေ ပြဿနာတက်တာ ဖြစ်မယ်” လို့ ဂျွန်က ပြောပါတယ်။ အီကွေတာ အနီးတဝိုက်မှာရှိတဲ့ ပစိဖိတ်ဒေသမှာ ကျွန်း ၃၃ ကျွန်းပါဝင်တဲ့ ကီရီဘာတီ နိုင်ငံရဲ့ ကျွန်းအများစုက လူတွေနေထိုင်ပြီး ကမ္ဘာကြီး ပူနွေးလာလို့ အနိမ့်ကျွန်းတွေပေါ် ပင်လယ်ရေတက်လာမှာ စိုးရိမ်ရတယ်လို့ ဘီဘီစီသတင်းမှာ ဇန်နဝါရီ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up