ရွာသား ၂ ဦး

September 30, 2021

သထုံမြို့နယ်တွင် ရွာသား ၂ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ စက်တင်ဘာ ၂၉  ရက် ညနေပိုင်းက အပြစ်မဲ့ ဒေသခံရွာသားနှစ်ယောက်ကို အကြမ်းဖက် စစ်ကောင်စီရဲ့တပ်က ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့  ဒေသခံတွေဆီက ပြောပါတယ်။

ပိန္နဲတောအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၈) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ- ၄၀၆ လှုပ်ရှားစစ်ကြောင်းက ဝီရောကျေးရွာ ကားလမ်းမပေါ်မှာ ပလယ်ပျူရွာသားနဲ့ ထီးညာလူရွာသား နှစ်ယောက်ကို  ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ခဲ့တာလို့ ဆိုပါတယ်။

ခမရ- ၄၀၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေယံဉီး ဦးဆောင်တဲ့ လှုပ်ရှားစစ်​ကြာင်းက ဝီရောကျေးရွာ ကားလမ်းမပေါ်မှာ အပြစ်မဲ့  ရွာသားနှစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ရာမှာ ညပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ မျက်မြင်တွေရှိတဲ့ ဒေသခံတွေက ဆိုပါတယ်။

ကေအန်ယူ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက"အခုလို အပြစ်မဲ့ပြည်သူတွေကို လမ်းပေါ်မှာ ကြိုးတုပ်ပြီး နှပ်စက်တာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး။ လက်နက်အားကိုးနဲ့ လက်နက်မရှိသူကို အနိုင်ကျင့်တာ"လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့တပ် ခမရ ၄၀၆ ဟာ  ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်နေ့က သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာက ဆီဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်နဲ့ လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားသလို ဒေသခံတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။

1 year Ago

December 31, 2020

ကျောက်မဲတွင် ရွာသား ၂ ဦး သေနတ်ထိမှန်၊ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက RCSS/SSA ရှမ်းပြည်တပ်မတော်နဲ့ PSLF/TNLA တအာင်းပလောင်တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုတွေရှိခဲ့ပြီး ရာနဲ့ချီတဲ့ ရွာသားတွေ ကျောက်မဲမြို့ပေါ်ထွက်ပြေးတိမ်းရှောင်နေရသလို လက်နက်ကျည်ထိမှန် သေဆုံး ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။  ဒီဇင်ဘာ ၂၉ ရက်မနက်က လွယ်အန်တင်းကျေးရွာအုပ်စု ပန်လော့ရွာနားမှာ တောင်ယာ သွားတဲ့ ညီအစ်ကိုနှစ်ဦး လက်နက်ထိမှန်ပြီး အစ်ကိုဖြစ်သူ သေဆုံးကာ ညီဖြစ်သူ ဒဏ်ရာရ ခဲ့တယ်လို့ ကျောက်မဲမြို့ ဇီဝိတဒါနလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။  “စစ်ရှောင်ရွာသားတွေ ပြောပြတာကတော့ ပန်လော့ရွာက မောင်ကျန်နဲ့ မောင်လူ ဆိုတဲ့ ညီအစ်ကို နှစ်ယောက်၊  သူတို့က ဒီချိန်ဆို လယ်တောမှာ သွားစောင့်အိပ်တယ်။ အဲဒီနေ့က ရွာဘက်မှာ တိုက်ပွဲရှိတယ်ကြားလို့ အိမ်ကို စိတ်မချဘဲ ပြန်လာကြည့်ချိန် လမ်းခုလတ်မှာ တိုက်ပွဲနှစ်ဘက်ကြား ညပ်မိသွားပြီး လက်နက်ထိမှန်သွားတယ်။  အသက် ၃၀ ရွယ် အစ်ကိုက ဆုံးပြီး သူ့ ညီ မောင်လူ ( ၂၀ နှစ်) က ဒဏ်ရာရတယ်လို့ ပြောတယ်။ လက်နက်ကြီးကျည်လား သေနတ်မှန်တာလားတော့ မသိဘူး။  အဲဒီဘက်မှာ လောလောဆယ် ပစ်ခတ်မှုတွေရှိနေတော့  ကျနော်တို့ လူနာကို သွားသယ်ဖို့ အခက်အခဲရှိနေပါတယ်  ” RCSS/SSA နဲ့  PSLF/TNLA  တပ်ဖွဲ့တို့ဟာ ကျောက်မဲမြို့နယ် လွယ်အန်တင်း ကျေးရွာအုပ်စုဘက်မှာ ဒီလ ၂၅ ရက်နေ့လောက်ကစ ပစ်ခတ်မှုတွေ ရှိနေပြီး အဆိုပါကျေးရွာအုပ်စုရှိ လွယ်အန်၊  ပန်လော့၊ ခုံငင်း၊ ကောင်းခါး၊ ပန်မခမ်၊ မန်စပ် စတဲ့ ကျေးရွာက ရွာသားပေါင်း ၇၀၀ ကျော် ကျောက်မဲမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။  စစ်ဘေးရှောင်တွေဟာ လောလောဆယ် ကျောက်မဲ ဝါဆိုဘုန်းကြီးကျောင်း၊ မန့်ကောင်းမူး အမက ကျောင်း၊ သန္ဓိသုခဓမ္မာရုံနဲ့ အောင်မင်္ဂလာ ဘုန်းကြီးကျောင်း စတဲ့ နေရာ ၄ ခုမှာ ခိုလှုံနေကြပါတယ်။ ဒီကနေ့လည်း ထပ်ရောက်လာဖို့ရှိနေပြီး စစ်ရှောင်ပြည်သူတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံး၊ ကျောက်မဲမြို့ခံပြည်သူနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေ စေတနာရှင်တွေက လိုအပ်တဲ့ အနွေးအထည်၊ စောင်၊ ‌ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လာရောက်ထောက်ပံ့ ကူညီနေတယ်လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။   
2 years Ago
Up