ရွာသား ၁၂ ဦး

September 17, 2021

လောင်းလုံးမြို့နယ်၌ ရွာသား ၁၂ ဦးကို စစ်တပ်က ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုမှာ  စက်တင်ဘာ ၁၇ ရက်မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်က အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် အပါအဝင် ဒေသခံပြည်သူ  ၁၂ ယောက် လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ် အင်အား ၇၀ လောက်ဟာ အချုပ်ကား တစ်စီးနဲ့အတူ မနက် ၈ နာရီလောက် ရောက်ရှိလာပြီး ကျေးရွာအုပ်စုအတွင်း သေနတ်နဲ့လိုက်လံပစ်ခတ်တပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီးသွားခဲ့တာပါ။ 

အပြစ်မဲ့ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို အချုပ်ကားနဲ့ စစ်ကောင်စီလက်အောက်ခံ လောင်းလုံးမြို့မရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ရေဖြူကျေးရွာဒေသခံ ရွာသားတစ်ဦးက" အပြစ်မရှိဘဲ သေနတ်နဲ့ လိုက်လံပစ်ခတ်ဖမ်းဆီးတာ။ လက်နက်အားကိုးနဲ့ လူရမ်းကားတွေ။ မင်းမဲ့စရိုက်ဆန်ဆန် လိုက်ပစ်ခတ်ပြီး လူတွေကို အကြောင်းမဲ့ ဖမ်းဆီးသွားတယ်"လို့ ပြောပါတယ်။ 

အဆိုပါကျေးရွာနဲ့ အနီးအနားက ဂေါ့အင်း၊ ကဒက်ငယ်ထိန်၊ ဝံတွင်း၊ ကျောက်ဖြူကျေးရွာတွေမှာပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ကင်းပုန်းဝပ်ပြီး လမ်းသွားလမ်းလာတွေကို စောင့်ကြည့်တာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

မိဘပြည်သူများအနေနဲ့ အောက်ရေဖြူကျေးရွာအုပ်စုဘက်ကို ဖြတ်သန်းသွားလာတာ လုံးဝမပြုလုပ်ကြဖို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)မေတ္တာရပ်ခံ အသိပေးထားပါတယ်။

2 years Ago
Up