ရွာသားလူငယ်

October 23, 2021

ခင်ဦးမြို့နယ်တွင် စစ်တပ်က ရွာသား ၄ ဦးကို ပစ်သတ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊  အင်းပတ်ကျေးရွာကို အောက်တိုဘာ ၂၂ ရက် မနက်က စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၄၀ လောက်က  ဝင်ရောက်စီးနင်းပြီး ဒေသခံ လူငယ် တယောက်ကို ဖမ်းဆီးပစ်သတ်ခဲ့သလို  ဗအိုးရွာက ပြည်သူ ၃ ဦးကိုလည်း   ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ရွာကို မနက်ပိုင်းစီးတာ နေ့လယ် ၂ နာရီလောက် ပြန်အဝင်အဖမ်းခံရတာ။ စစ်လိုက်တော့ လွယ်အိတ်ထဲ ပစ္စည်းတချို့‌တွေ့တော့ တခါတည်းပစ်သတ်သွားတယ်။ အလောင်းဖျောက်တဲ့ပုံစံနဲ့ ယာတောထဲပစ်ထားခဲ့တာ။ ဒီနေ့မနက်မှအလောင်း တွေ့ရတာ။ ရွာတွေကို ဒီလိုဝင်စီး မတရား ဖမ်းဆီးပြီး ပစ်သတ် အိမ်တွေကိုလည်း ဖျက်ဆီးနေတာဆိုတော့ တော်တော်များများလည်း ထွက်ပြေး နေကြရတယ်။  ရွာမှာဆို နေအိမ် ၆ အိမ်ဖျက်ဆီးခံခဲ့ရတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးပစ်သတ်သွားတဲ့ အသက် ၂၇ နှစ်ရှိ မောင်ချစ်စန်းမောင် (ခ) ကိုဖိုးသားရဲ့ အလောင်းကို ဒီနေ့မနက်မှ ရွာတောင်ပိုင်းတောထဲက ပြန်တွေ့ခဲ့တာဖြစ်ပြီး သင်္ဂြိုလ်ပေးဖို့ ရွာသူ ရွာသားအားလုံးစီစဉ်နေကြတယ်ပါတယ်။

မနေ့က တချိန်တည်းလောက်မှာပဲ  ဗအိုးရွာက ပြည်သူ ၃ ဦးကိုလည်း  စစ်တပ်က ပစ်သတ်ပြီး  ခင်ဦးမြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူဘက်က ၄ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

3 months Ago
Up