တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ တောင်ပယရွာတွင် ဇန်နဝါရီလ ၁၉ ရက် ညပိုင်းမှာ နေအိမ်တအိမ်မှာ ဓားပြတိုက်ခံခဲ့ရလို့ ရွှေနဲ့ ငွေတွေပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပယရွာတွင်နေသူ အမျိုးသမီး တဦးက “နေအိမ်မှာ အိမ်ရှင်အမျိုးသမီးကြီး တဦးတည်း ရှိနေချိန် ည ၇ နာရီခွဲလောက် မျက်နှာစိမ်း အမျိုးသား သုံးယောက် ရောက်လာပြီး တယောက်က အမျိုးသမီးကြီးကို ဓားထောက်ပြီး ကျန် ၂ ယောက်က ပစ္စည်းတွေလုယူသွားတယ်“လို့ ပြောပါ တယ်။
ဓားပြတိုက်ခံရတဲ့ နေအိမ်ဟာ တောင်ပယကျေးရွာ ဘုန်းကြီးကျောင်းနား ဦးအုန်းမြင့်နဲ့ ဒေါ်လှရီရှင် တို့ရဲ့ နေအိမ်ဖြစ်ပြီး ဓားပြတိုက်ခံရမှုကြောင့် ရွှေ ၅ ကျပ်သား နဲ့ ငွေ ၂သိန်း ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၉ ရက် ညပိုင်းမှာပဲ ပယရွာတွင်နေ ကိုအောင်ကိုရှိန် နဲ့ ကိုဖိုးနီတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ဇန်နဝါရီလ ၂၁ ရက်အထိ ပြန်မလွတ်သေးဘဲ ဘာအကြောင်းပြချက်နဲ့ ဖမ်းခံရတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အာဏာသိမ်းပြီးနောက် ရေဖြူမြို့နယ်မှာ ဓားပြမှုဖြစ်စဉ်အနေနဲ့ ပရဒတ်ရွာတွင် တကြိမ်၊ ဇီးကျရွာတွင် တကြိမ်၊ ပယရွာတွင် တကြိမ် ဖြစ်ပွားခဲ့ပြီး ကျူးလွန်းသူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ယုဇနကုမ္ပဏီပိုင် စက်ရုံ အနောက်ဘက် လမ်းမှာ ဇန်နဝါရီ ၁၂ ရက် မနက် ၇ နာရီခွဲလောက်က မိုင်းနင်းမိလို့ အမျိုးသမီး တယောက် သေဆုံးပြီး တယောက် ဒဏ်ရာရာခဲ့တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။
လော့ဒ်ဂျာရွာနားက ဂျာဝမ်ရွှေမှော်သွားတဲ့လမ်းမှာ ဆိုင်ကယ် စီးပြီး ဖြတ်သွားရာက ယုဇန စက်ရုံ အနောက်ဘက်လမ်းမှာ မြေမြှုပ်မိုင်းမိသွားတာလို့ ဆိုပါတယ်။
ရှထူးဇွမ်ရွာ ရပ်ကွက် ၂ မှာ နေထိုင်တဲ့ အသက် ၅၃ နှစ်အရွယ် ဒေါ်သန်းနိုင်လှက ဘယ်နဲ့ ညာ ခြေဖမိုးမှာ မိုင်းစ ထိမှန် ဒဏ်ရာရပြီး သူ့ သမီးဖြစ်တဲ့ မသဲနု (အသက်၁၉နှစ်) က ညာဘက် ပေါင် ကျိုးသွားကာ မီးဖြစ်သူက စံပြရွာက ပီတိ ဆေးခန်းမှာ ဆေးကုသမှု ခံယူနေချိန် ဆုံးသွားတယ်လို့ ဒေသခံ တဦးက ရှင်းပြပါတယ်။
လက်ရှိ ထိခိုက်ဒဏ်ရာရထားတဲ့ ဒေါ်သန်းနိုင်လှက တနိုင်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
အဲဒီ မြေမြုပ်မိုင်းကိုတော့ ဘယ်အဖွဲ့က ထောင်ထားတာကို မသိရပေမယ့် အဲဒီနယ်မြေမှာတော့ စစ်ကောင်စီတပ်၊ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နဲ့ ကေအိုင်အေ တပ်မဟာ ၂ တို့ လှုပ်ရှားသွားလာရာ နေရာဖြစ်ပါတယ်။