ရွာဖျက်ရွှေ့ပြောင်း

September 15, 2021

အရာတော်မြို့နယ်က ကျေးရွာအချို့ကို ရွာဖျက်ရွှေ့ပြောင်းရမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းကကျေးရွာအချို့ကို PDF နဲ့ ပတ်သက်လို့ဟုဆိုကာ ရွာဖျက်ရွှေ့ပြောင်းပစ်မယ့်အကြောင်း ခြိမ်းခြောက်စာတွေ စက်တင်ဘာလ ၁၄ ရက်နေ့က ဖြန့်ဝေနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

PDF တွေများပြီး လူသတ်မိုင်းထောင်နေတဲ့အတွက် ကြွေပုဂံရွာနှစ်ရွာကို ရွာဖျက်ရွှေ့ပြောင်းသွားမှာဖြစ်ပြီး ဗုံး၊ သေနတ်နဲ့မိုင်းတွေ ပြုလုပ်ရောင်းချပြီး PDF စခန်းရှိတဲ့ မလဲသာရွာနဲ့ ကန်ရင်းရွာတွေကိုလည်း ရွှေ့ပြောင်းစေမယ်လို့ ဆိုပါတယ်။

အမြဲတမ်း ဆန့်ကျင်ဆန္ဒပြနေတဲ့ မကျီးကန်၊နောင်ကြီးအိုင်နဲ့မင်းရွာတို့ကိုလဲ ရွာရွှေ့ပြောင်းစေရေး ဆက်လက်စီမံသွားမယ်လို့ ခြိမ်းခြောက်စာ‌မှာ ဖော်ပြထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ပြည်သူလူထုကို အကြမ်းဖက်ခြိမ်းခြောက်မှုတွေပြုလုပ်နေတဲ့ ဖက်ဆစ်စစ်တပ်ကို ပြည်သူ့အာဏာ ပြည်သူ့ထံပြန်ရောက်တဲ့အထိ အမြစ်ပြတ်ခြေမှုန်းတိုက်ခိုက်သွားမယ်လို့ အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုတွေက အဆိုပါခြိမ်းခြောက်စာကို ပြန်လည်တုံ့ပြန်ကြေညာထားပါတယ်။

အရာတော်မြို့နယ်အတွင်းမှာ ဩဂုတ် ၂၅ ရက်နေ့က ကြွေပုဂံကျေးရွာကို စစ်တပ်ကဝင်ရောက်စီးနင်း ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့သလို စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာတော့ မြို့နယ်တော်လှန်ရေးအင်အားစုတွေက မိုင်တဲလ်တာဝါတိုင် ၁၁ တိုင်ပြန်လည် ဖျက်ဆီးပစ်ခဲ့ကြတယ်လို့ သိရပါတယ်။

1 month Ago
Up