ရွာစဥ်ကျေးရွာ

July 29, 2021

ခင်ဦးမြို့နယ် ရွာစဥ်ကျေးရွာတွင် အမျိုးသားတစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွာစဥ်ကျေးရွာမှာ ပျူစောထီးအဖွဲ့ဝင် ဒလန်လို့ သတ်မှတ်ခံထားရသူ အသက် ၄၀ အရွယ် ကိုဗိုလ်နိုင်ဟာ အုန်းပင်ကုန်းရွာနဲ့ စိုင်ခေါင်းရွာကြားမှာ ဇူလိုင် ၂၉ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်က အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သူဟာ စစ်ကောင်စီနဲ့ အဆက်အသွယ်ရှိပြီး သတင်းပေး ဒလန်လုပ်ရုံမက ရွာကို ဝင်စီးတဲ့ စစ်ကောင်စီတပ်တွေအတွက် စားရေးသောက်ရေးကိုပါ ကူညီပေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွာမှာ လောင်းကစားဝိုင်းတွေလုပ်ပေးပြီး လိုင်းကြေးကောက်ကာ ရဲစခန်းကို ပို့တဲ့လူလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက "ရွာကလူတွေက ကိုဗစ်-၁၉ စည်းကမ်းထုတ်ပြီး ရွာဂိတ်လုပ်တာကို သူနဲ့ အပေါင်းအပါတွေက မလိုက်နာဘူး၊ ကန့်ကွက်တယ် ကန့်လန့်လုပ်တယ်၊ ဂိတ်လုပ်တာကို လက်မခံဘူး။ သူက ရွာတကာလည့် ချဲရောင်းတယ်၊ အဝင်အထွက် စိစစ်တာကိုလက်မခံဘူး။ သူထွက်ချင်ထွက်မယ် ဝင်ချင်ဝင်မယ် အဲ့လိုနဲ့ ကိုဗစ်ဂိတ်လည်း ဖျက်လိုက်ရပြီ။ အခုဆို ကိုဗစ်က ခင်ဦးမြို့နယ်မှာ ၄၀၀ နီးပါးရှိနေပြီ။ မစစ်ဘဲအိမ်မှာဖြစ်နေတဲ့သူက အများကြီးရှိသေးတယ်၊ ကိုဗစ်မစစ်ဘဲ ကိုဗစ်လက္ခဏာနဲ့ သေနေကြတာ ခင်ဦးမှာ ၁၀ ကျော်​နေပါပြီ။ ဒီတော့ ရွာကို သေနတ်နဲ့ကော ကိုဗစ်နဲ့ပါ နှိပ်စက်နေတဲ့ ဒလန်ကောင်ကို ခုလိုမြန်မြန်ရှင်းပစ်တာ အကောင်းဆုံးပဲ'' လို့ ပြောပါတယ်။

လက်ရှိ ခင်ဦးမြို့မှာ ဒေသခံတွေက ဒလန်လို့သတ်မှတ်ထားသူ အသတ်ခံရတာ ၁၃ ယောက်ထိ ရှိပြီလို့ သိရပါတယ်။

4 months Ago
Up