ကွင်းလယ်ကစားသမား ရှာကာဟာ အယ်လ်ဘေးနီးယားလူမျိုး ဖြစ်တဲ့အတွက် ဆွစ်ဇာလန်အသင်းခေါင်းဆောင် မဖြစ်ထိုက်ဘူးလို့ ကစားသမားဟောင်း ဟန်းချော့ဇ်က ဝေဖန်လိုက်ပါတယ်။
ဆွစ်ဇာလန်လက်ရွေးစင်အသင်းမှာ လက်ရှိအသင်းခေါင်းဆောင် လက်ခ်ျတိုင်နာ အနားယူဖို့ ရှိတာကြောင့် အသင်းခေါင်းဆောင်သစ် ရွေးချယ်ဖို့ ရှိနေတာပါ။
ရှာကာအနေနဲ့ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရနေပေမယ့် အသင်းခေါင်းဆောင်တယောက် အနေနဲ့ကတော့ ဆွစ်ဇာလန်အသင်းကို ကိုယ်စားပြုရမှာဖြစ်လို့ ရှာကာဟာ အယ်လ်ဘေးနီးယားတဦးသာ ဖြစ်တယ်လို့ လီဗာပူးနဲ့ ဆွစ်ဇာလန် ကစားသမားဟောင်း ဟန်းချော့ဇ်က ဝေဖန်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ ဂရန်နစ်ရှာကာကို အယ်လ်ဘေးနီးယား မိဘတွေက ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့မှာ မွေးခဲ့တာပါ။
ဆွစ်ဇာလန်အသင်း လက်ရွေးစင်အဆင့်ဆင့်မှာ ကစားခဲ့ပြီး အသင်းကြီးအတွက် ၆၆ ပွဲမှာ ၁၀ ဂိုး သွင်းထားပါတယ်။
ဆွစ်ဇာလန်အသင်းခေါင်းဆောင်ဟာ ဆွစ်လူမျိုးတွေဖြစ်တဲ့ ဂိုးသမား ယန်းဆမ်မာ၊ နောက်ခံလူ ဖေဘီယန်ရှားတို့သာ ဖြစ်သင့်ပြီး ပရိသတ်တွေကလည်း အသင်းနဲ့ တသားတည်းဖြစ်မယ်လို့ ဆွစ်ဇာလန် နောက်ခံကစားသမားဟောင်း ဟန်းချော့ဇ်က ပြောကြားခဲ့ပါတယ်။
ဆွစ်ဇာလန်အသင်းမှာ ကိုဆိုဗို၊ ပေါ်တူဂီ၊ ကိတ်ဗာဒီ၊ ကင်မရွန်း၊ စပိန် စတဲ့နိုင်ငံတွေနဲ့ ဆက်နွှယ်တဲ့ ကစားသမားတွေလည်း ပါဝင်ကစားနေတာ ဖြစ်ပါတယ်။
3 years Ago