ရှဝိန်းစတိုင်ဂါ

March 22, 2017

ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါ မေဂျာလိဂ်ကလပ်သို့ ပြောင်းရွှေ့ရန် မန်ယူ ခွင့်ပြု

မန်ယူအသင်းက ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါကို အမေရိကန် မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားကို ပြောင်းရွှေ့ဖို့ ခွင့်ပြုလိုက်ပါတယ်။ နှစ်ဘက်ကလပ်ကြားမှာ မတ်လ ၂၀ ရက်နေ့က သဘောတူခဲ့ပြီး ဆေးစစ်မှုတွေ ခံယူရမှာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဂျာမန်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်းဟာ အမေရိကန်ကလပ် ချီကာဂိုဖိုင်းယားအသင်းနဲ့ တနှစ် သဘောတူစာချုပ် ချုပ်ဆိုခဲ့တာပါ။ ရှဝိန်းစတိုင်ဂါကတော့ မန်ယူက အသင်းဖော်တွေကို စွန့်ခွာရတော့မှာဖြစ်လို့ ဝမ်းနည်းကြောင်း ပြောဆိုသွားပါတယ်။ ရှဝိန်းစတိုင်ဂါဟာ ဂျာမနီလက်ရွေးစင်အသင်းကို ၂၀၁၄ မှာ ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကူညီခဲ့ပါတယ်။ သူဟာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပြီး မန်ယူနည်းပြသစ် မော်ရင်ဟိုလက်ထက်မှာ ပွဲထွက်ခွင့်မရဘဲ မန်ယူရဲ့ ယူ ၂၃ အသင်းနဲ့ လေ့ကျင့်ရင်း အချိန်ကုန်ခဲ့ရလို့ အသင်းပြောင်းသွားတာ ဖြစ်ပါတယ်။
4 years Ago

January 30, 2017

ရှဝိန်းစတိုင်ဂါ မန်ယူတွင် ဆက်ရှိမည်ဟု နည်းပြ မော်ရင်ဟို ပြော

ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါအနေနဲ့ မန်ယူအသင်းမှာပဲ ဆက်နေသွားမယ်လို့ နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဂျာမန် ကွင်းလယ်ကစားသမားဟာ ဝီဂန်ကို အနိုင်ရတဲ့ပွဲမှာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးဟာ မန်ယူအတွက် ၂၀၁၆ ဇန်နဝါရီ နောက်ပိုင်းမှာ ပထမဆုံး သွင်းယူနိုင်တဲ့ဂိုးလည်း ဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟိုက ဂျာမန်ကွင်းလယ်လူကို အသက် ၂၃ နှစ်အောက် လူငယ်အသင်းနဲ့ လေ့ကျင့်စေခဲ့ပြီး အသင်းကြီးလူစာရင်းကနေ ချန်ထားခဲ့တာပါ။ ဒါပေမယ့်လည်း နည်းပြက ရှဝိန်းစတိုင်ဂါကို မန်ယူအသင်းရဲ့ ယူရိုပါလိဂ် လူစာရင်းထဲ ထည့်သွင်းထားတယ်လို့ ပြောဆိုသွားပါတယ်။ မန်ယူဟာ ယူရိုပါလိဂ်ရှုံးထွက် ပထမအကျော့ ပွဲစဉ်အဖြစ် ပြင်သစ်ကလပ် စိန့်အီသီရန်နဲ့ လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up