ရှယ်ယာဈေး

March 12, 2019

ဘိုးရင်းလေယာဉ်ကုမ္ပဏီ ရှယ်ယာဈေး ကျဆင်း

ငါးလအတွင်း နှစ်ကြိမ်တိုင်တိုင် ပျက်ကျခဲ့တဲ့ Boeing 737 MAX 8 အမျိုးအစား လေယာဉ်တွေကို ပြေးဆွဲတာ ရပ်နားဖို့ တရုတ်၊ အင်ဒိုနီးရှားနဲ့ အီသီယိုးပီးယားတို့က လေကြောင်းလိုင်းတွေကို ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် မတ်လ ၁၁ ရက်နေ့မှာ ဘိုးရင်းလေယာဉ်ကုမ္ပဏီရဲ့ ရှယ်ယာဈေး ၁၀ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဒါဟာ ဘိုးရင်းကုမ္ပဏီအနေနဲ့ နှစ် ၂၀ နီးပါးအတွင်း တနေ့တည်းမှာ ရှယ်ယာဈေး အများဆုံး ထိုးကျခဲ့တာပါ။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဈေးကွက်တန်ဖိုး သုံးဆအထိ မြင့်တက်ခဲ့တဲ့ သူ့ရဲ့ရှယ်ယာဈေး တဟုန်ထိုး တက်နေတာလည်း ရပ်သွားခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့က အီသီယိုးပီးယားနိုင်ငံ မြို့တော် အဒစ်အဘာဘာကနေ  ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ဆီ ပျံသန်းလာတဲ့ Boeing 737 MAX 8 လေယာဉ်ဟာ လေဆိပ်ကနေ ပျံတက်သွားပြီး မကြာမီ ပျက်ကျခဲ့လို့ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၁၅၇ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၁၈ အောက်တိုဘာလကလည်း လိုင်းယွန်းလေကြောင်းလိုင်းက ပြေးဆွဲတဲ့ အဲဒီ ဘိုရင်းလေယာဉ် အမျိုးအစားဟာ အင်ဒိုနီးရှားကမ်းလွန် ပင်လယ်ပြင်မှာ ပျက်ကျလို့ စီးနင်းလိုက်ပါလာသူ ၁၈၉ ဦးစလုံး သေဆုံးခဲ့ပါတယ်။
3 years Ago
Up