ရှမ်းမြောက်ဝမ်ဟိုင်းအဖွဲ့ ရွာသားတွေကို ဖမ်းပြီးရိုက်နှက်ဟု ဆို

April 21, 2016

ရှမ်းမြောက်ဝမ်ဟိုင်းအဖွဲ့ ရွာသားတွေကို ဖမ်းပြီးရိုက်နှက်ဟု ဆို

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ၀မ်ဟိုင်းအဖွဲ့ဟာ နောင်ချိုမြို့နယ်၊ ဂန့်ကော်ကျေးရွာသားတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ မြ၀တီသတင်းဌာနက သတင်းထုတ်ပါတယ်။ SSA ၀မ်ဟိုင်းအဖွဲ့က အိုက်ထွန်းခေါင်းဆောင်တဲ့ အင်အား ၂၀ ဦးခန့်ဟာ ဧပြီ ၁၈ရက် မနက်ပိုင်းက ဂန့်ကော်ကျေးရွာကို ရောက်လာပြီး ရွာသားတွေဖြစ်ကြတဲ့ ဦးရဲဝင်း၊ ဦးစောလွင်၊ မောင်ဟန်လင်းအောင်နှင့် ဦးချစ်ဝတို့ လေးဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ SSA(၀မ်ဟိုင်း)အဖွဲ့ ဖမ်းဆီးသွားတဲ့ ဦးရဲဝင်းဟာ ညနေ ၄ နာရီမှာ ရွာပြန်ရောက်လာပြီး ဦးစောလွင်၊ မောင်ဟန်လင်းအောင်နှင့် ဦးချစ်ဝတို့ သုံးဦးဟာ ည ၉ နာရီခွဲတွင် ပြန်ရောက်လာကြတယ်။ သူတို့သုံးဦးအား ကုန်းစံကျေးရွာမှာ SSA ၀မ်ဟိုင်းအဖွဲ့က ကျောပြင်နှင့်လက်တို့အား ရိုက်နှက်ခဲ့ကြလို့ ရရှိတဲ့ဒဏ်ရာတွေကုသဖို့ ပြင်ဦးလွင်ဆေးရုံ တင်ထားရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဧပြီလ ၁၆ ရက်က အဲ့ဒီရွာကို ရှမ်းမြောက်တပ်ဖွဲ့ပိုင်ကားတစီး ဖြတ်သန်းမောင်းနှင်နေတုန်း ရွာသားတွေက ရေပက်ဖို့ တားဆီးတာကို ရပ်မပေးလို့ ရွာသားတွေက ကားကို လေးခွနဲ့ ခဲတွေနဲ့ ပစ်ခဲ့တာကို မကျေနပ်လို့ အခုလို ရွာသားတချို့ကို ဖမ်းဆီးပြီး ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။
6 years Ago
Up