ရှမ်းမြောက်ပိုင်း

A d v e r t i s e m e n t With Us

November 24, 2016

ရှမ်းမြောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှုများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ၀ တိုက်တွန်း

မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ ပစ်ခတ်တိုက်ခိုက်မှုတွေကိုရပ်စဲပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က ကြေညာချက်ထုတ်ပြန် တိုက်တွန်း လိုက်ပါတယ်။ ၀တပ်ဖွဲ့ရဲ့ နိုဝင်ဘာလ ၂၄ ရက် ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ကြေညာချက်ထဲမှာ မြန်မာ့ တပ်မတော်နဲ့ NMDAA၊ TNLA၊ AA နှင့် KIA တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ မြောက်ပိုင်း မဟာမိတ်တပ်မတော်တို့ အနေနဲ့အခြေအနေအားလုံး ပေါ်မှာစဉ်းစားပေးပြီး နှစ်ဘက် အမြန်ဆုံး အပစ်ရပ်ကြဖို့၊ မြန်မာ-တရုတ်နယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးပြန်လည်ရရှိအောင် လုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့ တရုတ်ဘာသာနဲ့ ဖော်ပြပါတယ်။ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ရဲ့ လားရှိုးရုံးဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက “ဒီလိုမျိုး အခင်းအကျင်းဖြစ်တဲ့ဥစ္စာကို လက်နက်နဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ တွန်းအားပေးတယ်။ တိုက်တွန်းတယ်။ အဲလိုမျိုး စစ်ရေးနဲ့ နိုင်ငံအရေးဖြေရှင်းခဲ့လို့ နှစ် လေးငါးခြောက်ဆယ်ရှိပြီ ပေါ့နော်။ ဘာမှအကျိုးလည်း ဖြစ်မပေါ်လာဘူးပေါ့နော်။ အဲဒါ နိုင်ငံရေး နည်းနဲ့ဆွေးနွေးဖို့၊ ၀အနေနဲ့ ဘယ်လိုအခန်းဂဏ္ဍကနေ ပါဝင်ကူညီရမလဲဆိုတာ ပြောတာပေါ့ နော်။” ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ မြန်မာပြည် ပြည်တွင်းစစ်ကို စစ်ရေးအရ မဖြေရှင်းနိုင်၊ နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ လည်း ထုတ်ပြန်ပါတယ်။ UWSA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ လက်နက်ကိုင်အင်အားအကြီးဆုံး အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ UWSA ဌာနချုပ်ဟာ တရုတ်ပြည်နဲ့ မြန်မာပြည် အရှေ့မြောက်ဘက် နယ်စပ်ချင်း ထိနေတဲ့နေရာမှာ အခြေစိုက်ထားတာပါ။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အစည်ဝေးမှာ တန်းတူရည်တူ ပါဝင်နိုင်ရေးကိုရှေ့ရှုကာ ငြိမ်းချမ်းရေးခရီးကို အတူလက်တွဲပြီး လျှောက်လှမ်းရန် နိုင်ငံတော်အကြံပေး ဒေါ်အောင်ဆန်းစုကြည်က မနေ့က ထုတ်ပြန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
4 years Ago

ရှမ်းမြောက်ပိုင်း တိုက်ပွဲများတွင် အရပ်သားများ သေဆုံး၊ အဖမ်းခံရမှုနှင့်ပတ်သက်ပြီး တီအန်အယ်လ်အေနှင့် မေးမြန်းချက်

  ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့နဲ့ အစိုးရ တပ်အကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိနေပါတယ်။ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အစိုးရထုတ်ပြန်ချက်တွေအပေါ်  တိုင်းရင်းသား တပ်ဖွဲ့တခုဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်ကို နန်းမြနဒီက ဆက်သွယ်မေးမြန်းထားပါတယ်။   နိုဝင်ဘာ ၂၀ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၀မ်တိန်နဲ့ မန်ဟိုင်းဒေသထဲကို မြန်မာနိုင်ငံ ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ၀မ်တိန်ဘက်ကို ၁၁ လုံး၊ မန်ဟိုင်းဘက်သို့ ၂ လုံး၊ စုစုပေါင်း ၁၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပြီး ဒါက ကေအိုင်အေနဲ့ တီအန်အယ်လ်အေတို့လုပ်တာလို့ ပြောတယ်။ ဒီအပေါ်ဘယ်လိုများပြန်ပြီး တုံ့ပြန်ချင်ပါသလဲ။ “ကျနော်တို့ တပ်ပေါင်းစုအဖွဲ့တွေက အဲဒီလို လက်နက်ကြီးမျိုးမရှိပါဘူး။  ကျနော်တို့ တိုက်ပွဲဖြစ်တာက အနီးကပ်တိုက်ပွဲတွေဖြစ်တာ။ နယ်စပ်တလျှောက်မှာဆိုရင် ကျနော်တို့လည်း ကျနော်တို့တပ်ဖွဲ့တွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ထားပြီးသားပါ။  အခုမြေပုံနဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးရုံးက ဆွဲပြသလို ကျနော်တို့က နယ်စပ်ကိုပစ် သူတို့က နယ်စပ်တဖက်ကနေ ကျနော်တို့ကိုပစ်တဲ့ပုံစံက မြန်မာ့တပ်မတော်ရဲ့ပုံမှန် မုသာဝါဒဖြန့်နေတဲ့၊ လိမ်ညာနေတဲ့ ဇာတ်ကြီးပဲဖြစ်ပါတယ်။ အခုကျနော်တို့ တိုက်ပွဲဖြစ်တဲ့နေရာကို ပစ်တာက အဓိက တရုတ်နယ်စပ်ဖက်ကို ကျော်သွားတဲ့ဟာတွေအကုန်လုံးက ၁၀၅ မိုင်ကုန်းကနေ အတွင်းဖက် ကနေပြီးတော့မှ မြန်မာ့တပ်မတော်က နယ်စပ်ဘက်မှာရှိနေတဲ့ ကျနော်တို့က ပန်ဆိုင်းကို ၀င်တယ်။ မုံးကိုးကို ချတယ်။ အဲလိုဟာတွေကို မြန်မာ့တပ်မတော်က ၁၀၅ မိုင် အနောက်ဖက်ကနေ  ပစ်တဲ့လက်နက်ကြီးတွေ ကျော်တာပါ။ ပစ်တဲ့လက်နက်ကြီးတွေ အကုန်လုံးကလည်း ၁၀၅တွေ၊ ၁၂၀တွေ၊ ၁၀၅ ဆိုတော ကျနော်တို့မရှိပါဘူး။ အကုန်လုံး မြန်မာ့တပ်မတော်ကပဲ ရှိတာပါ။” နောက် မနေ့ မနက် ကွတ်ခိုင်မြို့နယ် မန်ဆာကျေးရွာမှာ တောင်ယာလုပ်နေတဲ့ ဦးရန်ဖန်ဝမ် သူ လ္ဘက်ခြံကနေ ဆိုင်ကယ်နဲ့ မုံးစီး၊ မုံးဟောင်လမ်းအတိုင်း ပြန်လာတဲ့အချိန်မှာ တီအန်အယ်အေ၊ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်လိုက်တော့ ဒဏ်ရာရပြီး လားရှိုးဆေးရုံ ရောက်သွားတယ်တဲ့။ ဒီလိုမျိုးပြည်သူထိတဲ့အပေါ်မှာကော ဘာပြောလိုသလဲ။ “မဟုတ်ပါဘူး။ အဲဒါလည်းမဟုတ်ပါဘူး။ အဲဒီဖြစ်စဉ်အသေးစိတ် ကျနော်တို့လည်း မသိသေး ပါဘူး။ ဒါပေမယ့် အဲလို ဒေသခံတွေက ကျနော်တို့လူထုတွေပဲ။ ကျနော်တို့လူထုကို ကျနော်တို့က အလကားနေ ဘယ်ပစ်မလဲ။  အခုပဲ ကျနော်တို့ဆီဝင်တာက ဒီမူဆယ်မြို့ထဲမှာပဲ ကားသမားကို ချောဆွဲပြီးတော့ ချောနဲ့ပို့ခိုင်းတယ်။ ပြီးရင် ကားသမားပစ်သတ်နေတာက  မြန်မာ့ တပ်မတော် တွေ၊ မြန်မာ့ရဲတွေ၊ ကျနော်တို့ လူထုကို ကျနော်တို့ အဲလိုမလုပ်ပါဘူး။ ” နောက်ပြီးတော့မှ မနေ့တုန်းက နမ့်ခမ်းမှာ ကချင်ရွာသားနှစ်ယောက်သေသွားတယ်လေ။ အဲဒီကိစ္စကကော။ “ကချင် မဟုတ်ဘူး။ အဲဒါက တရုတ်၊ ကောင်းခါးဆိုတော့ ကချင်ရော၊ တရုတ်ရော၊ ပလောင်ရောနေတယ်။ လက်နက်ကြီးက ဟိုမန်းတပ်ရေအားလျှပ်စစ် ၁၄၄ ကနေ ပစ်လာတာ။ ကျနော်တို့ တိုက်ပွဲတွေပြင်းတော့ တိုက်ပွဲက ဟိုဖက် ကချင်ဘက် တပ်မဟာ ၃ တပ်ရင် ၂၇ ဖက်ကမှာလည်း ပြင်းတယ်။ ကျနော်တို့ အောက်ဖက်မှာလည်း ပြင်းတော့မန်တပ်ကနေ လက်နက်ကြီးနဲ့ အကုန်လိုက်လျောက်ထုနေတာ။မန့်ဝိန်းဘက်ကိုလည်း ထုတယ်။ အပေါ်ဖက်ကို လည်း ထုတယ်။ ဟိုဘက်ရွှေလီမြစ်ကမ်းဖက်ကိုလည်း ထုတယ်။ ပြီးရင် မြစ်ကမ်းဘက်ကိုလည်း ထုထားတာ အဲဒီမှာ နမ်းခမ်းနဲ့ ၅ မိုင် ၆ မိုင်လောက်ကွာတဲ့ ကောင်းခါးရွာထဲကျပြီး ကောင်းခါးရွာက တရုတ်မိသားစုအိမ်ထဲကျသွားတယ်။ အဲဒီမှာ ၂ ယောက် သေသွားတယ်။ တယောက်ကတော့ ဒဏ်ရာပြင်းတယ်။” မနေ့ကနေ ဒီနေ့အထိ ထိတွေ့မှုတွေက ဘယ်နှစ်နေရာလောက်မှာဖြစ်နေလဲ။ “အခု ထိတွေ့မှုတွေက တောက်လျှောက်ပဲ။ ကျနော်ထင်တာ အနည်းဆုံး ၅ နေရာမှာ ရှိတယ်။ ပုံမှန်ကတော့  အခုလည်း တိုက်ပွဲတွေဖြစ်နေတယ်။” အဲဒီ ၅ နေရာက မူဆယ်ခရိုင်ထဲမှာပဲလား။ “ဟုတ်တယ်။ မူဆယ်ခရိုင်ထဲမှာပဲ။ ဒီကြူကုတ်-ပန်ဆိုင်းမှာလည်း ဖြစ်တယ်။ ဖောင်းဆိုင် ဘက်မှာလည်း ဖြစ်တယ်။ မနက်တုန်းကလည်း ၁၀၅ မိုင်မှာဖြစ်တယ်။ အခု ၁၀၅ မိုင် အောက်ဖက် ကားလမ်းမှာလည်းဖြစ်တယ်။  ဒီကွတ်ခိုင်အထက် ကားလမ်းမှာလည်းဖြစ်တယ်။ ပြီးတော့ မန်တုံဘက်မှာလည်း ဖြစ်တယ်။ ၁၀၅ မိုင်မှာဖြစ်တာကတော့ ဒီမနက်မိုးလင်းတဲ့ အချိန်မှာဖြစ်တာပါ။ ကျန်တဲ့နေရာတွေကတော့ ဖြစ်လိုက်နားလိုက်ပါ။” နောက်တခုက မနေ့က ကျမတို့ဆီကို  နမ္မတူဘက်က အကြောင်းကြားလာပါတယ်။ မိုင်းတပ်ဆိုတဲ့ ရွာရှိတယ်။ ရွာသား ၁၁ ယောက်ကို တီအန်အယ်အေက ဖမ်းခေါ်သွားတယ်လို့ ပြောပါတယ်ရှင်။ အဲဒါကိုတော့ သိရပါသလား။ “ရွာသားတွေကို ကျနော်တို့ မဖမ်းပါဘူး။ ဒါပေမယ့် ကျနော်တို့ RCSS အဖွဲ့ဝင်တွေကိုတော့ တိုက်ပွဲဖြစ်နေရင်းနဲ့  သုံ့ပန်းတွေ ဖမ်းရမိထားတာတော့ရှိတယ်။ ကျနော်တို့ အခု ၁၅-၁၆ ယောက်တောင်ရှိပြီထင်တယ်။ အဲဒါတွေအကုန်လုံး ကျနော်တို့က ကျနော်တို့ အချုပ်ထဲမှာ ထည့်ထားပါတယ်။ အဲဒီမှာ သူတို့ တချို့ရွာသားလို့ စွပ်စွဲတာမျိုးဖြစ်ရင်၊ ပြောတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့ RCSS ရဲဘော်တွေက ဒေသခံ ရွာသားတွေပါပဲ။  သူတို့ကို ကျနော်တို့က စစ်ပစ္စည်းတွေနဲ့ ကျနော်တို့ ဖမ်းမိတာပါ။ ရွာသားဆိုရင် ကျနော်အကုန်ပြန်လွတ်ပါတယ်။” ပြောင်းဖူးခင်းထဲမှာ ပြောင်းချိုးနေရင်းနဲ့ ဖမ်းသွားတာလို့ ပြောတယ်။ “မဟုတ်ပါဘူး။ မချိုးပါဘူး။ ကျနော်တို့ အဲလိုမဟုတ်ပါဘူး။ ကျနော်တို့ အဲလိုမဖမ်းပါဘူး။ ကျနော်တို့ဖမ်းမိတာက အကုန်လုံး စစ်လက်နက်ပစ္စည်းတွေနဲ့ပဲ ဖမ်းမိတာပါ။” အဲဒီဖမ်းထားတဲ့လူတွေကိုလေ ဘယ်အချိန်မှာ လွှတ်ပေးမလဲရှင်။ “အခုကျနော်တို့ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ လောလောဆယ် ဖမ်းထားတဲ့လူ ဆိုတာက သုံ့ပန်းပါ။  RCSS ရဲ့ ရဲဘော်တပ်ဖွဲ့ဝင်တွေပါ။ ရိုးရိုးရွာသားတွေဆိုရင် ကျနော်တို့က ပြောပြောပြီး အကုန်ပြန်လွှတ်ပေးပါတယ်။ အဲမှာ ရွာသားတွေ အလုပ်လုပ်နေတာရှိတယ်။ ပြောင်းဖူး လုပ်နေတာ ရှိတယ်။ တိုက်ပွဲဖြစ်တာပြင်းနေတော့ ကျနော်တို့ သူတို့ကို ခဏရှောင်ထား ခိုင်းတယ်။ ပြန်လုပ်ခိုင်းတယ်။ ရွာသားတွေကို။ RCSS အဖွဲ့ဝင်တွေဆိုရင်တော့ အဖွဲ့ဝင်မှန်သက်သေခိုင်လုံတယ်ဆိုရင်ေတာ့ ကျနော်တို့ အကုန်ဖမ်းဆီးထိန်းသိမ်းထားတယ်။  ” သူတို့ပြန်လွတ်ဖို့ RCSS နဲ့ အပေးအယူတွေ၊ ဘာတွေ ရှိသလားရှင်။ “လောလောဆယ်မရှိသေးပါဘူး။ လောလောဆယ်တိုက်ပွဲက ပြင်းနေတဲ့ကာလပါ။ တိုက်ပွဲက ပြင်းနေတယ်။ ဘာလုပ်ရမှန်းမသိသေးပါဘူး။” RCSS နဲ့ကော တိုက်ပွဲတွေဖြစ်နေသေးလား ဒီနေ့။ “RCSSနဲ့ ကျနော်တို့ တိုက်ပွဲဖြစ်တာ ၃ ရက်ရှိသွားပါပြီ။ အဲဒီမန်တုံမှာ။ အခုပြောတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်နေတာပါ။   ” အခုတိုက်ပွဲတွေအားလုံးကို ဘယ်အချိန်မှာ ရပ်စဲမလဲရှင်။ “ဘယ်အချိန်မှာ ရပ်စဲမလဲဆိုရင် RCSS တွေအဲဒီမှာ မနေတော့ဘူးဆိုရင် တိုက်ပွဲဖြစ်စရာ အကြောင်းမရှိတော့ဘူးလေ။ RCSSက မြန်မာ့တပ်မတော်စီမံရာအတိုင်း အဲဒီမှာ ဗျူဟာကျကျ ၀င်လာတော့ ကျနော်တို့နေရာဝင်လာလို့ အဲဒီမှာ တိုက်ပွဲဖြစ်ကြတာပါ။  အဲဒီမှာ RCSS က မရှိတော့ဘူးဆိုရင်တော့ တိုက်ပွဲက ဖြစ်စရာ အကြောင်းမရှိတော့ဘူး။ ” ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ဆင်မှုကော ဘယ်အချိန်မှာရပ်စဲမလဲ။ “အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်အပေါ်မှာ မူတည်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်က တိုက်ပွဲမဖြစ်ကြတော့ဘူး။ အပစ်ခတ်ရပ်စဲရေး လုပ်မယ်။  နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ကျနော်တို့ ဒီပြဿနာကို တကယ်မှန်မှန်ကန်ကန်ဖြေရှင်းဖို့  ဆွေးနွေးမယ်ဆိုရင်တော့ ဒါ တိုက်ပွဲဖြစ်စရာအကြောင်းမရှိတော့ဘူး။ ကျနော်တို့ အခု ပူးပေါင်း စစ်ဆင်ရေးလုပ်တာကလည်း အဲဒီဟာအတွက်ကြောင့် ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ရတာ ဖြစ်တယ်။ ဆိုတော့ ဒီအခု ပူးပေါင်းစစ်ဆင်ရေးတွေ ရပ်တန့်ဖို့ဆိုရင်တော့ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင်အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့ ဘယ်လို တုံ့ပြန်မလဲ။ စစ်ရေးနဲ့ပဲ တုံ့ပြန်မယ်ဆိုရင်တော့ တိုက်ပွဲကတော့ ဆက်ဖြစ်နေမှာပဲ။” နောက်ပြီးတော့ UWSA ကနောက်ကွယ်ကနေ ရှိနေတယ်လို့ ပြောတယ်။ အဲဒါကို ဘယ်လို ပြန်တုံ့ပြန်မလဲ။ အဲဒါဘယ်သူပြောလဲ မသိဘူးနော်။ ပြောတဲ့သူအပေါ်မှာပဲမူတည်တယ်။ အခုက ကျနော်တို့ မိုးထဲရေထဲမှာ ကျနော်တို့ရှိတဲ့လက်နက်တွေနဲ့ တိုက်ပွဲဝင်ရပါတယ်။ ကျနော်တို့မှာ အခက်အခဲ ကြီး မတတ်နိုင်လို့သာ တိုက်ပွဲဖော်နေရတာဖြစ်ပါတယ်။ ကျနော်တို့မှာလည်း အခက်အခဲများစွာနဲ့ တိုက်ပွဲဝင်နေရတာပါ။” အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
4 years Ago
Up