ရှမ်းမြောက်တွင်

November 25, 2017

ရှမ်းမြောက်တွင် မိုးရက်ဆက်ရွာသဖြင့် ရိတ်သိမ်းပြီးစပါးများ ရေမြုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ တန့်ယန်းနဲ့ နမ္မတူဒေသတွေမှာ အချိန်အခါမဟုတ် မိုးရက်ဆက်ရွာလို့ ရိတ်သိမ်းပြီး စပါးတွေ ရေမြုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လားရှိုးမြို့နယ်၊ နမ့်ဖွဲရွာမှာ တောင်သူ ၁၉ ယောက်ရဲ့ လယ်ဧက ၃၀ ကျော်လောက် ရေမြုပ်ခဲ့တယ်လို့ ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၃ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောပါတယ်။ “နမ္မတူက စာရင်းတော့ မသိသေးပါဘူး။ ဒေသခံတွေ ပို့တဲ့ ဓာတ်ပုံတွေပဲ ရထားသေးတယ်။ တန့်ယန်းမှာတော့ ရွာ ၉ ရွာက လယ်သမား ၃၇ ယောက်ရဲ့ ရိတ်ပြီးသားစပါးတွေ ထိခိုက်သွားတယ်လို့ သိရတယ်။ ဒီကိစ္စကို ကူညီနိုင်အောင် လားရှိုးခရိုင် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးမှူးကို စာပို့မှာပါ” လို့ ပြောပါတယ်။ ဒါ့အပြင် သတင်းမရသေးတဲ့ နေရာတွေကိုလည်း ဖော်ထုတ်ပြီး ကူညီဖို့ ပြောသွားမယ်လို့ သူက ဆိုပါတယ်။ ကောက်လှိုင်းတွေ ရေမြုပ်တာကြောင့် လတ်တလောမှာ မပျက်စီးပေမယ့် အချိန်မီ မခြောက်နိုင်ရင် ပျက်စီးနိုင်တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ “မိုးက ဗုဒ္ဓဟူးနေ့က စ ရွာတယ်။ ဒီနေ့တော့ မရွာပေမယ့် မိုးအုံ့နေတယ်။ ရေနစ်တာက ချောင်းနားနီးတဲ့ လယ်တွေပေါ့။ လယ်သမားတွေကတော့ ရေကျရင် ကောက်လှိုင်းတွေ သယ်ဖို့ လုပ်နေတယ်။ နေမပူတော့ မလှမ်းနိုင်သေးဘူး။ ဒီစပါးတွေက ခြောက်သွားရင်လည်း ကြိတ်ရင် သိပ်မကောင်းတော့ဘူး” လို့ တန့်ယန်းမြို့နယ်၊ ကျူဆိုင်းရွာ ဒေသခံ တယောက်က ပြောပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာခဲ့ပြီး မနက်ဖြန်အထိကတော့  နေပြည်တော်၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ  နေရာကျဲကျဲရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
4 years Ago

December 11, 2016

ရှမ်းမြောက်တွင် တိုက်ပွဲများဆက်ဖြစ်၊ ပြည်သူ ၄၀၀ ကျော် လားရှိုးကို ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအနီးမှာ တီအန်အယ်လ်အေ တအာင်းတပ်တွေနဲ့ မြန်မာတပ်မတော်တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် နားဆိုင်းကျေးရွာနဲ့ ပန်ချဉ်ကျေးရွာကပြည်သူ ၄၀၀ ကျော်  လားရှိုးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေဟာ လားရှိုး မန်ဆူရှမ်းကျောင်းတိုက်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့စလို့ လာရောက် ခိုလှုံနေကြပါတယ်။ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ရှမ်းမြောက်မှာ စစ်ပွဲတွေ မငြိမ်မသက် ဖြစ်နေတုန်းလို့ ပြောပါတယ်။ “အခု လောလောဆယ်တော့ စစ်ပွဲတွေက မငြိမ်မသက်ဖြစ်နေတယ်။ မနေ့ကတင် နမ္မတူနဲ့ လားရှိုးကြားမှာ ကားတွေ ပိတ်မိတယ်၊ လက်နက်ကိုင်တွေက ကားတွေ တားပြီးတော့ လမ်းပိတ်ထားတယ်။ စစ်ဘေးရှောင်ကလည်း နမ္မတူကနေ လားရှိုးကို တက်သွားတာ ရှိတယ်၊ နောင်ချိုဘက် ဆင်းသွားတာလည်း ရှိတယ်။ ညနေဘက် ကြားတာတော့ ဆက်ကြေးလိုမျိုး ကောက်တယ်လို့ ကြားတယ်။” အစိုးရရဲ့ ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများအတွင်း သေဆုံးသူ ၃၀ လောက်ရှိပြီး ဒဏ်ရာရသူ ၆၀ ကျော် ရှိပါတယ်။ နိုဝင်ဘာ ၂၀ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲများအတွင်း ဒီဇင်ဘာ ၉ ရက်အထိ ရရှိတဲ့ စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ပါဝင်ပါတယ်။ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်များ သေဆုံးစာရင်းကိုတော့ နှစ်ဘက်စလုံးက ထုတ်ပြန်ခြင်း မရှိပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နိုဝင်ဘာ ၂၀ ရက်ကစလို့ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေနဲ့ အေအေ တပ်ဖွဲ့တို့ရဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့က ထိုးစစ် စတင်ခဲ့ပြီး ဒီနေ့ ထိ တိုက်ပွဲတွ ကြိုးကြား ကြိုးကြား ဖြစ်ပွားနေတုန်း ဖြစ်ပါတယ်။ ဓာတ်ပုံ - ခွန်ဇော်ဦး (မန်ဟိုင်းက စစ်ဘေးဒုက္ခသည်စခန်း)
5 years Ago
Up