ရှမ်းတောင်ပိုင်း ခိုလမ်မြို့တွင် ဓာတ်ဆီဆိုင်မီးလောင်၍ ဆီပေပါများပေါက်ကွဲ

August 2, 2018

ရှမ်းတောင်ပိုင်း ခိုလမ်မြို့တွင် ဓာတ်ဆီဆိုင်မီးလောင်၍ ဆီပေပါများပေါက်ကွဲ

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့မှာ ဒီကနေ့ နေ့ခင်းပိုင်းက ဓာတ်ဆီဆိုင် တစ်ဆိုင်မီးလောင်မှုဖြစ်ပွားပြီး ဆီပေပါပေါင်းများစွာ ဆက်တိုက်ပေါက်ကွဲနေပါတယ်။ ခိုလမ်မြို့ ရပ်ကွက် ၂ မြို့စွန် ကိုးမြို့ရှင်နတ်နန်းရှေ့ရှိ  TOP စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် ကလေးတွေ ကျောင်းလွှတ်ချိန် လောက်ကစပြီး မီးလောင်နေရာ မွန်းလွဲ ၁ နာရီကျော်ထိ မငြိမ်းသေးဘဲ ဆီပေပါတွေ တလုံးပြီးတလုံး ပေါက်ကွဲနေသလို ဘေးအိမ်တွေလည်း ကူးစက်လောင်ကျွမ်းနေပြီလို့ မျက်မြင်ဒေသခံ စိုင်းမွန်းအောင်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ ပစ္စည်းတွေကူသယ်ပေးဖို့ ရောက်နေပါတယ်။ မီးက ဘယ်အချိန်စလောင်လဲ တော့ အတိအကျမသိဘူး။ ၁၂ နာရီကျော်ပေါ့၊ ကလေးတွေ နေ့ခင်းကျောင်းလွှတ်ချိန်၊ ဘာကြောင့်လောင်လဲ မသိဘူး။ ဝိုင်ယာရှော့ဖြစ်တယ်လို့လည်း ပြောတယ်။ မီးသတ်ကားက ခုနက ၂ စီးလာတယ်။ ရေကုန်သွားလို့ ရေပြန်သယ်နေပါတယ်။ တပ်မတော်သားတွေရော၊ ရပ်ကွက်ထဲက လူတွေရော ဝိုင်းငြှိမ်းနေတယ်။ မနိုင်ဘူးဗျ၊ ဘေးအိမ် ၂ လုံး ၃ လုံး စကူးနေပြီ၊ ဆီပေပါ ၆ဝ ကျေ်လောင်ပြီလို့ ပြောတယ်။ ” မီးလောင်ရာ အဆောက်အဦဟာ အိမ်နဲ့ ဓာတ်ဆီဆိုင် တွဲထားတာဖြစ်ပြီး မြေအောက်ခန်းမှာ လှောင်ထားတဲ့ ဆီပေပါတွေရော၊ အိမ်နောက်က ဆီပေပါတွေပါ ပေါက်ကွဲကြောင်း၊ လူထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ဘေးအိမ်တွေတော့ အနည်းအကျဉ်း ကူးစက်လောင်သွားတယ်လို့ ဆိုပါတယ်။ ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး ခိုလမ်မီးသတ်၊ ရဲစခန်းနဲ့ ဒေသအာဏာပိုင်တွေကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။ နောက်ဆက်တွဲသတင်းတွေအရ မွန်းလွဲ ၁ နာရီခွဲလောက်မှာ မီးညွှန့်ကျိုးသွားပြီလို့ သိရပါတယ်။ ဓာတ်ပုံ -Mr. Moon On
3 years Ago
Up