ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ တားဆီးခံရ

January 8, 2018

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ယာယီရွှေ့ဆိုင်း

ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့မှာ ဒီလ ၁၂ ရက်ကနေ ၁၄ ရက်ထိ ကျင်းပဖို့ ကြိုတင်ပြင်ဆင်ထားတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းလိုက်တယ်လို့  RCSS/SSA ရှမ်းပြည်တပ်မတော်က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ လူထုတွေ့ဆုံပွဲတွေ ကွင်းဆင်းဆောင်ရွက်ရာမှာ တပ်မတော်ဘက်က တားဆီးပိတ်ပင်တာ ရှိခဲ့ပြီး ပြည်သူအားလုံးရဲ့ သဘောထားတွေ ကောက်ယူနိုင်စွမ်း မရှိလို့ ကြိုတင်ပြင်ဆင်ထားတဲ့ ဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းထားတယ်လို့  ရှမ်း ND  ဖြစ်မြောက်ရေး ကော်မတီဝင်၊ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ “ယာယီရွှေ့ဆိုင်းရတဲ့ အဓိကအချက်ကတော့ ကျနော်တို့ လူထုသဘောထားတွေ အကုန်လုံး ကောက်ယူနိုင်ခြင်း မရှိလို့ပါဘဲ။ လူထုသဘောထား ရဖို့ လူထုတွေ့ဆုံပွဲ လုပ်တာကို တားဆီးခံရတယ်။ ပင်လုံ၊ တာချီလိတ်၊ ကွန်ဟိန်းနဲ့ ကျောက်မဲမြို့က လူထုတွေ့ဆုံပွဲတွေပေါ့၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရက ခွင့်ပြုတာကို တပ်မတော်က အထက်အမိန့်နဲ့ လာတားတာလို့ ပြောတယ်။ တောင်ကြီးမှာ ဒီလ ၇ ရက်ကနေ ၉ ရက်နေ့ လူထုတွေ့ဆုံပွဲ၊ အကြိုဆွေးနွေးပွဲ လုပ်ဖို့ သက်ဆိုင်ရာကို စာတင်ပြီး ကျနော်တို့ ကိုယ်စားလှယ်ကိုယ်တိုင် နေပြည်တော်မှာ ငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ သွားပြီးညှိနှိုင်းပြီးပြီ။ ဒီနေ့ထိ ဘာမှအကြောင်းမပြန်လို့   လင်းခေးမှာ လုပ်မယ့် ဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်။” အခုလို လူထုဆန္ဒသဘောထားတွေ မရနိုင်တာကြောင့် လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကိုလည်း တက်ရေး၊ မတက်ရေး ဆုံးဖြတ်လို့ မရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။ ရှမ်းလူမျိုးအလိုက် အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းဘက်က ယခင်က တောင်ကြီး ဒါမှမဟုတ် ပင်လုံမှာ ကျင်းပခွင့်ပြုဖို့ တောင်းထားရာမှာ တပ်မတော်က ရှမ်း ND ကို ဦးဆောင် ဆွေးနွေးမယ့်အဖွဲ့ဟာ RCSS/SSA ဖြစ်တာကြောင့် တောင်ကြီးမှာရော၊ ပင်လုံမှာပါ ပြုလုပ်ခွင့် မပြုဘဲ RCSS/SSA မိုင်းတော့၊ မိုင်းထား၊ မိုင်းပန် စတဲ့မြို့တွေမှာသာ ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက နေပြည်တော်မှာ လုပ်သွားတဲ့ JICM ၆ ကြိမ်မြောက် အစည်းအဝေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်စေ့စပ်ပေးလို့ လင်းခေးမှာ လုပ်ဖို့ နှစ်ဖက် သဘောတူချက်ရခဲ့တာပါ။ လင်းခေးမှာ ရှမ်း ND မကျင်းပခင် လူထုတွေ့ဆုံပွဲ လုပ်ရာမှာတော့ အခုလို အတားအဆီးတွေ ခံနေရတာ ဖြစ်ပါတယ်။ တပ်မတော်က တားဆီးရတဲ့ အကြောင်းတွေထဲမှာ ရှမ်းလူထုတွေ့ဆုံပွဲကို ရှမ်း ND ကို RCSS/SSA က ဦးဆောင်ကျင်းပဖို့ အန်စီအေ သဘောတူချက်ထဲပါရှိပေမယ့်  တရားဝင်အသိအမှတ်မပြုတဲ့ ရှမ်းပြည်ညီညွတ်ရေးကောင်စီ CSSU က ဦးဆောင်နေသလို CSSU ထဲမှာလည်း အပစ်ရပ်လက်မှတ်ရေးထိုးမထားတဲ့ SSPP/SSA  ပါရှိနေတာကြောင့် ဖြစ်တယ်လို့ လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းဦးက ရှမ်း ND ဟာ ရှမ်းတမျိုး သားလုံးကို ကိုယ်စားပြုတာကြောင်း ရှမ်းအဖွဲ့အားလုံးပါဝင်ရမှာဖြစ်ကြောင်း၊ တဖွဲ့ဖွဲ့ကသာ ဦးေ ဆာင်ရင် တမျိုးသားလုံးကိုယ်စားမပြုနိုင်ကြောင်း၊ RCSS/SSA မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အဖွဲ့ထဲ ပါနေတာကြောင့် အားလုံးကဆက်စပ်နေတယ်လို့ ပြောပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ရှမ်း ND ဟာ ရှမ်းတမျိုးသားလုံးအတွက် အရေးကြီးတဲ့ အစည်း အဝေးဖြစ်လို့  အခုလို ယာယီရပ်ဆိုင်းကြောင်းထုတ်ပြန်လိုက်ပေမယ့် ပြန်လည်ဆောင်ရွက်နိုင်ဖို့ နည်းလမ်းတွေ ဆက်လက်ရှာဖွေညှိနှိုင်းသွားမယ်လို့ ရှမ်းလက်နက်ကိုင်အဖွဲ့က ပြောပါတယ်။ Photo : Sai Laeng
4 years Ago

December 21, 2017

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ တားဆီးခံရ

ပင်လုံနဲ့ တာချီလိတ်မှာ ဒီကနေ့မနက်ကပြုလုပ်တဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲကို တပ်မတော်က လာရောက် တားဆီးပိတ်ပင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ကျင်းပခဲ့တဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲ ဟန့်တားပိတ်ပင်ခံခဲ့ရပြီးနောက် ဒီနေ့ ထပ်မံ တားဆီးခံခဲ့ရတာပါ။ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နဲ့ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကျင်းပနေတဲ့ လူထုဆွေးနွေးပွဲတွေကို နယ်မြေခံစစ်တပ်က လာရောက်တားဆီးပိတ်ပင်ခဲ့တယ်လို့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီဝင်နဲ့ RCSS ရှမ်းပြည်တပ်မတော် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစိုင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်ကတော့ လားရှိုး လူထုတွေ့ဆုံပွဲမှာ ရောက်နေတာပေါ့နော်၊ ဒီမနက်ပဲ ပင်လုံနဲ့ တာချီလိတ်က လူထုတွေ့ဆုံပွဲတွေ ဟန့်တားပိတ်ပင်ခံရတယ်လို့ ဖုန်းနဲ့ အကြောင်းကြားလာပါတယ်ခင်ဗျ။ နယ်မြေခံစစ်တပ်က အထက်က ညွှန်ကြားချက်နဲ့ လာဟန့်တားတယ်လို့ ပြောတယ်။ အမှန်က ကျနော်တို့ လုပ်ဆောင်နေတာဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းစဉ်အတိုင်း သွားနေတာလေ။ ရှမ်းပြည်နယ်အစိုးရကလည်း ခွင့်ပြုထားပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာနတွေအနေနဲ့ ဒီလူထုတွေ့ဆုံဆွေးနွေးပွဲတွေ အဆင်ပြေအောင် လိုအပ်သလို အကူအညီပေးဖို့လည်း ညွှန်ကြားထားတယ်။ ဒါပေမယ့် တဖက်မှာ စစ်တပ်က ဒီလို လာပြီး ဟန့်တားတာကတော့ ကျနော်တို့လည်း နားမလည်ဘူး။” ဒီလို ဟန့်တားခံရတဲ့အပေါ် ဘယ်လိုဆက်လုပ်မလဲဆိုတာတော့ တိုင်ပင်ဆွေးနွေးနေဆဲ ဖြစ်ကြောင်း၊ တဖက်ကလည်း လုပ်လက်စ လူထုတွေ့ဆုံပွဲတွေ ဆက်လုပ်သွားမယ်လို့ ဗိုလ်မှူးစိုင်းဦးက ပြောသွားပါတယ်။ ဒီကနေ့ တာချီလိတ် ဟောင်လိုက်ဘုန်းကြီးကျောင်းဝင်းထဲမှာ လုပ်တဲ့ လူထုတွေ့ဆုံပွဲကို  တာချီလိတ်အခြေစိုက် ခလရ ၅၂၆ မှ ဗိုလ်မှူးအေးကိုကို ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၂၀ လောက်က လာဟန့်တားပြီး ပင်လုံမြို့ တုမ်မိုရပ်ကွက် စာကြည့်တိုက်မှာလုပ်တဲ့ လူထုတွေ့ဆုံပွဲကိုတော့ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးကြီးဌေးအောင် ဦးဆောင်တဲ့ ၁၀ ဦးပါ အဖွဲ့က လာရောက်ဟန့်တားခဲ့ကြတာ ဖြစ်ပါတယ်။ လာမယ့် တတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) မှာ ရှမ်းပြည်သူတွေရဲ့ ဆန္ဒသဘောထားတွေ တင်ပြနိုင်ဖို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို ရှမ်းပြည်ညီညွတ်ရေးကော်မတီက ဦးဆောင်ပြီး ရှမ်းတိုင်းရင်းသားတို့ နေထိုင်ရာ ပြည်နယ်နဲ့တိုင်းက မြို့နယ်ပေါင်း ၁၆ မြို့နယ်မှာ လတ်တလော ကျင်းပနေတာဖြစ်ပြီး တချို့နေရာတွေမှာ တားဆီးပိတ်ပင်ခံနေရတာ ဖြစ်ပါတယ်။ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် ​နိုင်​ငံ​ရေး​ဆွေး​နွေးပွဲကို လာမယ့်​ ဇန်​နဝါရီလ လင်း​ခေးမှာ ပြုလုပ်​ခွင့်ရထားတာ ဖြစ်ပါတယ်။
4 years Ago
Up