ရှမ်းတပ်

December 21, 2016

တအာင်းနှင့်ရှမ်းတပ်တို့ တိုက်ပွဲကြောင့် ရွာသား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရ၊ ထောင်ချီထွက်ပြေး

  ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ် ပန်လုံရွာမှာ တီအန်အယ်လ်အေ တအာင်းပလောင်တပ်နဲ့ အာစီအက်စ်အက်စ် ရှမ်းတပ်တို့ကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားတဲ့အတွက် ရွာသူ ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရကာ ဘုန်းကြီးကျောင်းနဲ့ အိမ်တွေလည်း မီးလောင်ပြီး လူတစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရပါတယ်။ အာစီအက်စ်အက်စ်တပ်ဟာ ပန်လုံရွာအနီးကို ရောက်ရှိလာပြီး ရွာထဲမှာလည်း တီအန်အယ်လ်အေတပ်ဖွဲ့တွေက ရှိနေတဲ့အတွက် မနေ့မနက် ၅ နာရီခွဲလောက်က စတင်ပစ်ခတ်ကြကြောင်း၊ လက်နက်ကျည်တွေဟာ ရပ်ကွက် ၂ ဈေးအနီးမှာ ကျလာလို့ သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့  ပန်လုံကျေး ရွာဆေးပေးခန်းက သူနာပြုဆရာမ ဒေါ်အေးစံက ဒီဗွီဘီကို ပြောပါတယ်။ “တီအန်အယ်လ်အေက ရွာထဲမှာ၊ အာစီအက်စ်အက်စ်က ရွာပြင်မှာရှိတယ်လို့ ကြားတယ်လေ၊ အဲလောက်ဖြစ်မယ်လို့မထင်ဘူး။ မနက်ထလာတာ ပစ်ခတ်သံတွေကြားတယ်။ ပြီးတော့ လေးငါးချက်ပစ်တယ်၊ ဆက်ပြီးတော့ ဆယ့်ငါးချက်လောက်ပြန်ပစ်တယ်၊ လက်နက်ကြီးတွေပြန်ကျတယ်။ ပန်လုံရဲ့ ဈေးနားမှာ ရပ်ကွက် ၂ ရှိတာ၊ ဦးအိုက်ယုရဲ့ သမီး နန်းမွေးအောင် အသက် ၁၈ နှစ်ပဲရှိသေးတယ်။ သူဈေးကပြန်လာတာ ကျည်ဆန်က သူ့ခေါင်း တည့်တည့်ထိမှန်သွားတယ်။ သူ့ကို ကြည့်ပြီးမှ မကယ်နိုင်တော့ဘူး။ အသက် မရှိတော့ဘူးဆိုတော့ ထင်းပုံမှာပဲ ထားခဲ့တယ်။ နောက်ပြီး သူတို့အိမ်နားကပဲ ဒေါ်နန်းထွန်း အသက် ၅၀ လောက်ရှိတယ်၊ သူလည်း ခြေထောက်ကို ကျည်ဆန်မှန်တာ မန်စံဆေးရုံကနေ လားရှိုးဆေးရုံကိုပို့လိုက်တယ်၊ ကျမတို့လည်း မနေရဲတော့ဘူးလေ၊  အကုန်ပြေးကြတယ်။ နမ္မတူ နဲ့ ပန်လုံကြားမှာ တီအန်အယ်လ်အေနဲ့ တွေ့ပြီး သူတို့က ၀ါးလုံးတွေနဲ့ လမ်းပိတ်ထားတယ်၊ နင်တို့ သေချင်ရင်သွား လို့ပြောတယ်။ အဲဒီမှာ ၃ -၄ နာရီကြာပြီးမှ ပေးသွားတယ်။ အခုလူ ၂၀၀ ကျော် ၃၀၀ လောက် မန်စံကျောင်းမှာ ရောက်နေတယ်။ ရွာမှာလည်း ပိတ်မိနေတဲ့ လူတွေ အများကြီး ကျန်ခဲ့တယ်။” ဒါ့အပြင် ပန်လုံရွာတောင်ဘက်မှာလည်း လက်နက်ကြီးကျလို့ နေအိမ် ၅ လုံး မီးလောင်သွားပြီး ပန်လုံ ဘုန်းကြီးကျောင်း ဇရပ်လည်း ပျက်စီးသွားတယ်လို့ သူကဆက်ပြောပါတယ်။ ပန်လုံရွာကြီးဟာ မန်စံ နဲ့ သီပေါသွားကားလမ်းပေါ်မှာ တည်ရှိပြီး ရပ်ကွက်ပေါင်း ၄ ခု၊ အိမ်ခြေ ၃၀၀ ကျော်ရှိကြောင်း၊ အခုတော့ ရွာထဲမှာ တီအန်အယ်လ်အေ စစ်သားတွေ ၀င်နေနေတဲ့အတွက် လူတွေအားလုံး မန်စံရွာနဲ့ သီပေါမြို့နယ်ဘက်ကို ထွက်ပြေးသွားကြပြီလို့ ဒေါ်အေးစံက ပြောပါတယ်။ မန်စံလူငယ်အဖွဲ့က စိုင်းကွမ်ဟိုင်းကလည်း ပန်လုံရွာအပြင် အနီးတ၀ိုက်မှာလည်း တိုက်ပွဲုဖြစ်တဲ့အတွက်  မနေ့က နားဟုတ်၊ မန့်မိုင်၊ ဆန်ခါ၊ ကောင်းဟုန်း၊ လုံမိတ်၊ ပန်လုံ၊ ပန်ဟတ်၊ ပန်ဆော့ မန်ဆာ စတဲ့ရွာက လူပေါင်း ၈၀၀ ကျော် မန်စံရွာဘက်ကို ထွက်ပြေးလာကြောင်း၊ သူတို့ကို ဘုရားကုန်းကျောင်း၊ ရွှေစကားဝါမြောက်ကျောင်း၊ ကမ္မဌာန်းကျောင်းတိုက်တွေမှာ နေရာချထားပေးပြီး အစားအသောက်နဲ့ အ၀တ်အထည်တွေ အကူအညီလိုအပ်နေတယ်လို့ ပြောသွားပါတယ်။
5 years Ago

August 26, 2015

ရှမ်းတပ် နှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်၊ ရွာသူကြီးအပါအ၀င် ၇ ဦး ဖမ်းဆီးခံရ

မကြာသေးခင်ကမှ အစိုးရနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ် လက်မှတ်ရေးထိုးမယ်လို့ ကြေညာထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်တွေ သြဂုတ် ၂၅ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်မှု ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ ကွန်ဟိန်းအခြေစိုက် ခလရ ၂၄၆ လက်အောက်ခံ အစိုးရတပ်ဖွဲ့ဝင်နဲ့ အဲဒီနယ်မြေထဲမှာ လှုပ်ရှားနေတဲ့ သူတို့တပ်ဖွဲ့ဟာ တောထဲမှာ ထိပ်တိုက်ရင်ဆိုင်မိပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့ မနက် ၁၀ နာရီခွဲလောက်က အစိုးရတပ်နဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ထိတွေ့ပစ်ခတ်ခဲ့ကြတယ်။ ကွန်ဟိန်းမြို့ တောင်ဘက် ၀မ်လောဝ်းကျေးရွာအုပ်စုဘက်မှာ တနေရာ၊ ခိုလမ်ဘက်မှာ တနေရာ၊ တနေရာနဲ့ တနေရာ ဖြစ်တာသိပ်မကွာဘူး၊ အဓိကကတော့ ကျနော်တို့အဖွဲ့ လှုပ်ရှားနေတဲ့ တောအုပ်ထဲကို အစိုးရတပ်က ၀င်လာလို့ပါ။ အစိုးရတပ်ဘက်က အင်အား ၅၀ လောက်ရှိမယ်။ ပစ်ခတ်ချိန်က မကြာပါဘူး ခဏလေးပဲ။ သူတို့ဘက်က တယောက်ကျပြီး ဒဏ်ရာရသူတွေလည်းရှိတယ်။ ကျနော်တို့ဘက်တော့ မရှိဘူး၊ ဒါပေမယ့် တိုက်ပွဲပြီးတော့ အစိုးရစစ်တပ်က ရွာထဲ ၀င်မွှေပြီး  ရွာသူကြီး လုံးနန်တနဲ့ ရွာသား ၇ ယောက်ကို ဖမ်းခေါ်သွားတယ်လို့ ကျနော်တို့တပ်က သတင်းပို့လာပါတယ်။” ဒီပစ်ခတ်မှုမှာ ဘာမှမဆိုင်တဲ့ ရွာသားတွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး သူတို့တွေ ပြန်လည်လွတ်မြောက်လာဖို့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။ အခုလို ပစ်ခတ်မှု ဖြစ်ပွားရတာဟာ အစိုးရတပ်ဘက်က ပဏာမ အပစ်ခတ်ရပ်သဘောတူချက်ကို မလိုက်နာလို့ဖြစ်ကြောင်း၊ ရှမ်းပြည်တပ်မတော်နဲ့ အစိုးရငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ပဏာမအပစ်ခတ်ရပ် လက်မှတ်ထိုးစဉ်က နယ်မြေထဲကို လက်နက်ကိုင်ဆောင်ပြီး မ၀င်ရောက်ဖို့၊ ၀င်ရောက်မယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့ ဆိုတဲ့ အချက်ပါဝင်ပေမယ့် အစိုးရတပ်ဘက်က အကြောင်းမကြားဘဲ ၀င်ရောက်လာတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒေသတွင်းအခုလို ထိတွေ့ပစ်ခတ်မှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးမယ့်ကိစ္စ၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိစ္စတွေတော့ ထိခိုက်မှာ မဟုတ်ဘူးလို့  ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။ “ကျနော်တို့ အစိုးရနဲ့ ပဏာမ အပစ်ခတ်ရပ်လက်မှတ်ရေးထိုးပြီးတဲ့နောက် ၄ နှစ်တာ ကာလတွင်း ဒီလိုထိတွေ့ပစ်ခတ်မှုတွေက အကြိမ် ၂၀၀ လောက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒါတွေဟာ တမင်သက်သက် စစ်ကြောင်းနဲ့ချီပြီး စစ်မြေပြင်မှာ တိုက်ခိုက်ကြတာမဟုတ်ဘဲ တောထဲ သွားရင်းလာရင်း၊ နယ်မြေကျွံရင်းဖြစ်ကြတာဆိုတော့ တပြည်လုံး အပစ်ခတ်ရပ်ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေကို မထိခိုက်ပါဘူး၊ ရည်ရွယ်ချက်အတိုင်း ဆက်သွားရမှာပါ။ ကျနော်တို့ အပစ်ခတ်ရပ်လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ပြီးရင် ခုလိုထိတွေ့မှုပြဿ     နာတွေ ပြေလည်သွားမှာပါ။” အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ဟာ   ကေအန်ယူ၊ ဒီကေဘီအေ၊ ကေအန်ယူ - ကေအန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးတွဲပြီး  အစိုးရနဲ့ တပြည်လုံး အပစ်ခတ်ရပ်လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ကြောင်း ကြေညာချက်တစောင်ကို သြဂုတ် ၁၇ ရက်နေ့ နေ့စွဲနဲ့  ထုတ်ပြန်ခဲ့ပါတယ်။ တိုက်ပွဲအပြီး အစိုးရတပ်က ဖမ်းဆီးသွားတဲ့ ဆိုင်းခေါင်ရွာသူကြီး လုံးဟိန်နန္ဒနဲ့ ရွာသား ၇ ဦးဟာ ဒီကနေ့ မနက်က ပြန်လွတ်လာကြပြီလို့ ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ်  ဒေါ်နန်းဝါနုက ဒီဗွီဘီကို ပြောပါတယ်။ “သူတို့ မနေ့က အဖမ်းခံရတာကို သိသိချင်း ကျမက အမ်ပီစီက ၀န်ကြီး ဦးအောင်မင်းဆီ စာတစောင်ရေးပို့တယ်။ ဦးလှမောင်ရွှေဆီလည်း ဖုန်းဆက်တယ်။ ပြီးတော့ နယ်မြေနယ်က စစ်တပ်ဗျူဟာမှူးဆီလည်း အကြောင်းကြားပါတယ်။ ဒီနေ့မနက်မှာတော့ သူတို့အားလုံး ရွာကို ပြန်ရောက်ပြီလို့ ရွာက ဖုန်းဆက်အကြောင်းကြားလာပါတယ်။” သူတို့တွေ အခုလို ပြန်ရောက်လာပေမယ့်လည်း  အစိုးရစစ်ကြောင်းတွေဟာ ကွန်ဟိန်းမြို့နယ်ထဲကို ထပ်မံဝင်ရောက်လာတာ တွေ့ရတဲ့အတွက် ဒေသခံတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်နေကြတယ်လို့  ဒေါ်နန်းဝါနုက ပြောသွားပါတယ်။
6 years Ago
Up