တရုတ်နိုင်ငံမှာ တနင်္ဂနွေနေ့က ယှဉ်ပြိုင်သွားတဲ့ ရှန်ဟိုင်း မာစတာ တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နိုဗက် ဂျိုကိုဗစ်က ဂျိုဝဲဖရိုက် တက်စွန်ဂါကို အနိုင်ရ သွားပါတယ်။
ကမ္ဘာ့အဆင့် ၁ ဂျိုကိုဗစ်ဟာ ဒီနှစ်ရာသီထဲမှာ လက်စွမ်းပြနေပြီး ဂရန်းစလန်း ဆုဖလား ၃ ခု ရယူထားပါတယ်။ ဒီပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ထိပ်ဆုံးကနေ ရေပန်းစားခဲ့သူလည်း ဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံသား တက်စွန်ဂါဟာ ဆီမီးဖိုင်နယ်တုန်းက နာမည်ကြီး ရာဖယ် နဒါးကို ဖြတ်ကျော်လာတာပါ။ ဒီပွဲမှာ တက်စွန်ဂါရဲ့ ပြင်းထန်တဲ့ စပေးဘောတွေကို ဂျိုကိုဗစ် အကောင်းဆုံး တုံ့ပြန် ကစားသွားနိုင်ခဲ့ပါတယ်။
ဂျိုကိုဗစ်က Backhand ရိုက်ချက်တွေကနေ အသာစီးယူပြီး ပထမပွဲကို ၆ - ၂၊ ဒုတိယပွဲကို ၆ - ၄နဲ့ နိုင်ပြီး ရှန်ဟိုင်း မာစတာ ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။ ရှန်ဟိုင်း မာစတာဆုဟာ ဂျိုကိုဗစ်အတွက် ဒီနှစ်ရာသီထဲမှာ ၉ ခုမြောက်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။
5 years Ago