ရှန်မိန်မောနင်း

January 27, 2017

ရှန်မိန်မောနင်း အထည်ချုပ်စက်ရုံအလုပ်သမားများ ဆန္ဒပြ

ရန်ကုန် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်မှာရှိတဲ့ ရှန်မိန်မောနင်းအထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင် ၄ ဦးကို အလုပ်ထုတ်လိုက်တာကြောင့် အလုပ်သမားတွေက တတိယမြောက်နေ့အဖြစ် ဆက်လက် ဆန္ဒပြနေပါတယ်။ ဇန်နဝါရီ ၂၅ ရက်ကစပြီး အလုပ်သမားခေါင်းဆောင် ၄ ဦးကို အလုပ်ထုတ်ခဲ့တာကြောင့် ညနေပိုင်းမှာ စက်ရုံထဲမှာရှိတဲ့ အလုပ်သမား ၄၀၀ ခန့်က စက်ရုံအပြင်ထွက်ပြီး ဆန္ဒပြကြတာပါ။ အဆိုပါ စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်တွေမရှိဘဲ ရုံးအတွင်း စည်းကမ်းချက်တွေအတိုင်းသာ စီမံအုပ်ချုပ်နေပြီး၊ ကျွမ်းကျင်အဆင့် လုပ်သားတဦး အလုပ်ဝင်ခါစမှာ ငွေကျပ် ၂၇၀၀ သာရရှိပြီး၊ ၃ လပြည့်မှသာ အနိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ ရရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သင်တွေကို အလုပ်ဝင်စမှာ ၁၈၀၀ ကျပ်သာပေးပြီး အချိန်ပိုကြေးအဖြစ် ၁ နာရီကို ငွေကျပ် ၃၇၀ ရတယ်လို့ ဆိုပါတယ်။ အလုပ်သမားတဦးဟာ သူ ချုပ်တဲ့အထည်စတွေကို ၁ နာရီကို ၁၇၅ ထည် အပြီးချုပ်ရပြီး အပေါ့အပါးသွားချိန်တွေ အချိန်ကြန့်ကြာမှုရှိတဲ့အခါ လစာထဲကနေ ဒဏ်ကြေးဖြတ်တောက်တာတွေ ရှိတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ အလုပ်သမားအခွင့်အရေး မရရှိတဲ့အပေါ် စက်ရုံတွင်း အလုပ်သမားတွေက အလုပ်သမားခေါင်းဆောင် ၇ ဦး ရွေးချယ်ခဲ့တာပါ။ အဲဒီအတွက် အလုပ်သမားခေါင်းဆောင် ၇ ဦးထဲကနေ ၄ ဦးကို အလုပ်ရှင်က လျော်ကြေးငွေပေးပြီး အလုပ်ထုတ်ခဲ့တာပါ။
5 years Ago
Up