ရှစ်လေးလုံးပြည်သူ့ပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မည်

June 24, 2018

ရှစ်လေးလုံးပြည်သူ့ပါတီ နာမည်ပြောင်းလဲမည်ဟု ဦးကိုကိုကြီးပြော

လက်ရှိမှာ ကန့်ကွက်တာတွေများနေတဲ့ ရှစ်လေးလုံးပြည်သူ့ပါတီကို နာမည်ပြောင်းလဲ မယ်လို့  နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီဝင် ဦးကိုကိုကြီးက ပြောပါတယ်။ ရှစ်လေးလုံးပြည်သူ့ပါတီဆိုတဲ့နာမည်ကို ကန့်ကွက်တာတွေများနေပြီး ရွေးကောက်ပွဲ ကော်မရှင်ကလည်း ပါတီနာမည်ကို ကန့်ကွက်လိုက်တဲ့အပေါ် ဇွန်လ ၂၄ ရက်နေ့မှာ ပြည်နယ်နဲ့တိုင်းအလိုက် အစည်းဝေးခေါ်ယူပြီး ဦးကိုကိုကြီးက ပြောဆိုလိုက်တာပါ။ “ပါတီနာမည်ပြောင်းရမှာတော့ သေချာတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ကိစ္စတွေအပေါ်မှာ တရားမျှတရေး ရှုထောင့်၊ ဥပဒေရှုထောင့်နဲ့ ရှင်းပြခဲ့တာဖြစ်ပေမယ့် မူလရပ်တည်ချက်ဖြစ်တဲ့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးဆိုတာကို ရပ်တည်ထားတယ်။ ဒါကြောင့် ယေဘုယျအားဖြင့်တော့ ကျနော်တို့က ပါတီနာမည်ပြောင်းကို ပြောင်းရမှာဖြစ်တယ်။ ကျနော်တို့မှာ ခုခံချေပခွင့်မရှိဘူး။ အထက်ရုံးတွေကို တင်ပြခွင့်မရှိဘူး။ တခါတည်း အပြတ်ရှင်းထားတာဖြစ်လို့ ကျနော်တို့က ပါတီထောင်မယ်ဆိုရင် ကော်မရှင်ရဲ့ ညွန်ကြားချက်ကို လိုက်နာရမှာပဲ ဖြစ်တယ်လို့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီဝင် ဦးကိုကိုကြီးက ပြောဆိုလိုက်တာပါ။ ပါတီနာမည်ပြောင်းဖို့ အစည်းဝေးကိုလာမယ့် ကိစ္စအတွက် လာမယ့် ဇူလှိုင်လ ၈ ရက်နေ့ မနက်ပိုင်း မန္တလေးမြို့မှာ ကျင်းပမှာဖြစ်ပြီး အဲဒီနေ့မှာတော့ ပါတီနာမည် လိုဂိုအမှတ်တံဆိပ် စတာတွေကို ကြေညာသွားမှာလို့ ဆိုပါတယ်။ အခုလို ပါတီနာမည်ထပ်မံပြောင်းလဲ မှတ်ပုံတင်ရမယ့်အတွက် ဥပဒေအရ လာမယ့်ကြားဖြတ် ရွေးကောက်ပွဲမှာပါဝင်ဖို့လည်း ရာခိုင်နှုန်းနည်းသွားပြီဖြစ်ပြီး ဥပဒေပါ အားနည်းချက်တွေကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။
3 years Ago

May 19, 2018

ရှစ်လေးလုံးပြည်သူ့ပါတီကို ကန့်ကွက်သူများ ဥပဒေလေ့လာရန်လိုဟု ဦးကိုကိုကြီးပြော

ရှစ်လေးလုံးပြည်သူ့ပါတီကို ကန့်ကွက်သူတွေအနေနဲ့ ဥပဒေတွေကိုလေ့လာဖို့လိုပြီး  ပါတီအနေနဲ့ကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တုံ့ပြန်မှုကိုပဲစောင့်မယ်လို့ ဦးကိုကိုကြီးက ပြောပါတယ်။ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့က အစည်းအဝေးဆုံးဖြတ်ချက်နဲ့ သဘောထား ခံယူပြီးတဲ့အခါ “ရှစ်လေးလုံးပြည်သူ့ပါတီ” ဆိုတဲ့ နာမည်ကို အတည်ပြုပြီး ပါတီမှတ်ပုံတင်ဖို့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတာပါ။ အဲဒီလိုတင်ပြထားတဲ့ အချိန်မှာပဲ ပါတီအမည်ကို ကန့်ကွက်သူတွေပေါ်ပေါက်လာပြီး ပါတီအနေနဲ့တော့ ကော်မရှင်ရဲ့အဆုံးဖြတ်ကိုပဲ စောင့်မယ်လို့ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးကိုကိုကြီးက ပြောဆိုလိုက်တာပါ။ "ခိုင်လုံသော အထောက်အထားနဲ့ ကန့်ကွက်ခြင်းခံရပါက ဆိုတော့ အထောက်ထားပြရတော့မယ်။ ကန့်ကွက်သူတွေက။ ကျနော်တို့ ပါတီရဲ့ တံဆိပ်ကတော့ ဒီမှာ ကျနော်တို့နဲ့ တူနေပါတယ်ဆိုပြီး။ အဲဒီလိုကန့်ကွက်ခြင်းခံရမယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်က ကာလသတ်မှတ်ပြီး ကန့်ကွက်ခြင်း ခံရတဲ့ပါတီကို ညွှန်ကြားမှာ။ ဒါက ဥပဒေပုဒ်မ ၈ ကို ရည်ညွှန်းပြီး နည်းဥပဒေပုဒ်မ ၁၄ ယကို ထုတ်ပြန်တာ ဖြစ်တယ်။ ကန့်ကွက်မယ့်သူတွေရော၊ ဆုံးဖြတ်မယ့် ကော်မရှင်ကပါ ဒီဥပဒေတွေကို ကျေကျေလည်လည်သိရှိပြီး၊ နားလည်ပြီးဖြစ်မယ်လို့ မျှော်လင့်တယ်။ ဒါကြောင့် ကျနော်တို့ကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တုံ့ပြန်ချက်ကိုပဲစောင့်မယ်”   လို့ ပြောပါတယ်။ ရှစ်လေးလုံးပြည်သူ့ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ပါတီနာမည်၊ အလံ၊ တံဆိပ်တွေနဲ့ ပတ်သက်ပြီး တခြားပါတီတွေနဲ့ မတူညီဖို့၊ ဘာသာသာနာနဲ့ယှက်နွယ်တဲ့၊ ပြည်ထောင်စုပြိုကွဲ ထိခိုက်စေတာတွေကို ငြိစွန်းခြင်းမရှိအောင် ရှောင်ရှားခဲ့ပြီးဖြစ်လို့ ပါတီအပေါ် အခုလို ပြန်ကန့်ကွက်တဲ့အပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဆိုပါတယ်။ “အရင်ကလည်း ဒီလိုကန့်ကွက်တာတွေမကြားရဘူး။ ပါတီ ၁၀၀ လောက် ယေဘုယျရှိတဲ့အထဲမှာ ဒီပါတီကို ကန့်ကွက်နေတာက ဘာရည်ရွယ်ချက်လဲဆိုတာကတော့ တော်တော်ထူးဆန်းနေတယ်။ ကျနော်တို့ကတော့ တိုက်ခိုက်တာတွေ၊ နိုင်ငံရေးအရ အပြုသဘော မဆန်တာတွေကိုရှောင်တာ၊ ပြန်ပြီးဖြေရှင်းလေ့မရှိဘူး။ နိုင်ငံရေးကို တကယ့်နိင်ငံရေးသဏ္ဌာန်မှန်မှန်ပဲဆောင်ရွက်မှာပါ”လို့ ဦးကိုကိုကြီးက ဆက်ပြောပါတယ်။ လက်ရှိမှာ ရှစ်လေးလုံးပြည်သူ့ပါတီကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဦးဆောင်လူပ်ရှားနေပြီး ရှစ်လေးလုံး လှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေနဲ့ တိုင်းနဲ့ပြည်နယ်တွေက ပါတီဝင်လိုသူတွေ ပါဝင်ကြပါတယ်။ ပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်အဖြစ် တွေ့ဆုံဆုံညှိနှိုင်းတာတွေ လုပ်သွားမှာ ဖြစ်ပြီး လက်ရှိမှာ တိုင်းနဲ့ ပြည်နယ်တွေကို စည်းရုံးရေးတွေ စတင်နေပြီ ဖြစ်ပါတယ်။ ပါတီမှတ်ပုံတင်ရရင်လည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။ ရှစ်လေးလုံးပြည်သူ့ပါတီကို နိုင်ငံတကာရောက် ၈၈ မျိုးဆက် ပြည်သူ့အင်အားစုက ကန့်ကွက်ထားတယ်လို့ သိရပါတယ်။
3 years Ago
Up