ရှင်းလင်းမှု စတင်နေ

April 27, 2018

ထိုင်းလိင်မှု ခရီးသွားလုပ်ငန်းများအား ရဲစီးနင်းရှာဖွေ ရှင်းလင်းမှု စတင်နေ

အနောက်ကမ္ဘာမှ လာရောက်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ထိုင်းနိုင်ငံ ဟာ လိင်ပိုင်းဆိုင်ရာ ၀န်ဆောင်မှုပေးနေတဲ့ နေရာတွေဖြစ်လာနေတယ်ဆိုတဲ့  စစ်တမ်းတခု ထွက်ပေါ်လာပြီးနောက်မှာတော့ ရဲတွေက အဆိုပါနေရာတွေကို စီးနင်းရှာဖွေ ရှင်းလင်း ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဒီစစ်တမ်းမှာ ဖူးခက်နဲ့ ပတ္တယားလို အပန်းဖြေကမ်းခြေတွေမှာပါ တွေ့ရှိရတယ်လို့ ဖော်ပြထားခဲ့ပြီး ဗြိတိန်အခြေစိုက် အွန်လိုင်းဝက်ဘ်စာမျက်နှာဖြစ်တဲ့ သည်ဆန်းမှာ ဖော် ပြထားခဲ့တာပါ။ ထိုင်းဗဟိုစုံစမ်းထောက်လှမ်းရေးဗဟို (စီအိုင်ဘီ) မှ ဒုတိယဗိုလ်ချုပ်ကြီး သီတိရိုင် နွန်ဂမ်ပီတက်က သူ့အနေနဲ့ လူကုန်ကူးမှုဆန့်ကျင်တိုက်ဖျက်ရေးဌာန (အေတီအိပ်ခ်ျဒီ) နဲ့ ရာဇ၀တ်ပြစ်မှု တိုက်ဖျက်ရေး နည်းပညာဌာန (တီစီအက်စ်ဒီ) တွေကို ဒီကိစ္စအတွက် ကိုင်တွယ်ဖြေရှင်းဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ လတွေတုန်းကတော့ ထိုင်းခရီးသွားရဲဌာနနဲ့ ဒေသတွင်းရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး လိင်ပိုင်းဆိုင်ရာ ၀န်ဆောင်မှုတွေပေးနေတဲ့ အခြေစိုက်ဒေသတွေကို စီးနင်းရှာဖွေစုံစမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနမှ ဗိုလ်ချုပ် ကွန်ချိုင်ကလိတ်လန်းကတော့ နိုင်ငံခြား မီဒီယာတွေမှာ ဖော်ပြထားသလို ထိုင်းနိုင်ငံဟာ လိင်မှုခရီးသွားလုပ်ငန်း အခြေပြုဖြစ် တယ်ဆိုတာကို အကြွင်းမဲ့လက်ခံဖို့ ငြင်းဆန်ထားတာပါ။ သူက လိင်ပိုင်းဝန်ဆောင်မှုပေးတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရှိရင်းစွဲအသက်ထက် ပိုငယ်ချင်ယောင်ဆောင်ကြပြီး ခရီးသွားဧည့်သည်တွေနဲ့ ဆက်ဆံတာမျိုးရှိပြီး ဒါဟာ ကမ္ဘာလှည့်ခရီးသည် အုပ်စုလိုက်အတွက် လိင်ပိုင်းဆိုင်ရာ ၀န်ဆောင်မှုပေးတာမျိုးတော့ မဟုတ်ဘူးလို့ ပြောပါတယ်။ “ရဲတွေက အမျိုးသမီးတွေ၊ လေဒီဘွိုင်းတွေ အများကြီး ဖမ်းမိတာပဲ။ ဒါပေမယ့် သူ တို့အားလုံးက လိင်ပိုင်းခရီးသွား ၀န်ဆောင်မှုလုပ်နေတဲ့သူတွေ မဟုတ်ပါဘူး။ ဖမ်းမိတဲ့ ဖြစ်စဉ်အများစုမှာ သူတို့ဟာ သီးခြား လိင်ဖျော်ဖြေမှုပေးတဲ့ သူတွေချည်းပါပဲ။” ရဲတွေအနေနဲ့ ဧည့်လမ်းညွှန်တွေကိုလည်း လိင်ပိုင်းခရီးသွားဝန်ဆောင်မှုပေးတဲ့ ကိစ္စတွေမှာ ဆက်စပ်ပါဝင်နေသလား ဆိုတာတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင် သွားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အင်တာနက်လူမှု ကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ထိုင်းနိုင်ငံရဲ့ လိင်မှုခရီးသွားလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်နေခဲ့တာပါ။ ဗိုလ်ချုပ် ကွန်ချိုင်က ရဲဌာနအနေနဲ့ လိင်မှုဆိုင်ရာ ၀န်ဆောင်မှုတွေ ပေးနေတဲ့ ၀က်ဘ်ဆိုဒ်စာမျက်နှာတွေကိုပါ ပစ်မှတ်ထား တိုက်ဖျက်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ လအတွင်း မှာတော့ ရာနဲ့ချီ နှိမ်နင်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။ သည်ဆန်းအွန်လိုင်းစာမျက်နှာမှာတော့ ထိုင်းအခြေစိုက် ၀က်ဘ်ဆိုဒ်တွေမှာ အနောက်နိုင်ငံသားတွေအတွက် ခရီးသွားဝန်ဆောင်မှုတွေထဲမှာ လိင်ပိုင်းဆိုင်ရာ ၀န်ဆောင်မှုတွေပါ ထည့်သွင်းပေးထားပြီး ငယ်ရွယ်တဲ့ အပျိုစင်၊ ဒါမှမဟုတ် ဂေးတွေကို လိင်ဖျော်ဖြေမှုပေးဖို့ ပါဝင်တယ်လို့ ဖော်ပြထားတာပါ။ ၀န်ကြီးချုပ် ပရာယွတ် ချန်းအိုချာကတော့ ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံရဲ့ပုံရိပ်ကို မြှင့်တင်ဖို့ လိုအပ်နေပြီလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြောခဲ့တာပါ။ ဒါဟာ လိင်ပိုင်းဆိုင်ရာ ခရီးသွားမှုတွေနဲ့ ပတ်သက်ရင် ထိုင်းကိုသွားပါ။ ဒီကို မလာပါနဲ့ဆိုပြီး ဂမ်ဘီယာနိုင်ငံ ၀န်ကြီးက ပြောဆိုခဲ့ပြီးနောက်မှာ သူက ပြောခဲ့တာပါ။ “တယောက်ယောက်က ကျနော်တို့အကြောင်း မကောင်းတာတခုခုပြောလာခဲ့ရင် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ရပါမယ်။ အရာရာဟာ တိုးတက်နေရပါမယ်။ ကျနော်တို့အနေနဲ့ ပတ္တယားအပါအ၀င် တခြားကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်မှုများတဲ့ နေရာတွေကို ခုထက်ပိုပြီး အရည်အသွေးပြည့်ဝတဲ့ ခရီးသွားလုပ်ငန်းဆွဲဆောင်မှုတွေနဲ့ ၀န်ဆောင်မှုပေးဖို့ ကူညီရမှာဖြစ်ပြီး ဒါကို(လိင်မှုခရီးသွားလုပ်ငန်း)ကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရမယ်။”
3 years Ago
Up