မနေ့ကယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု အက်ဖ်က လိုင်ယွန်နဲ့ မန်စီးတီးတို့ ပွဲစဉ်မှာ တဖက် ၂ ဂိုးစီ သရေကျပြီး မန်စီးတီးအသင်း နောက်တဆင့် တက်ရောက်သွားပါတယ်။
အိမ်ရှင်လိုင်ယွန်အသင်းဟာ မန်စီးတီးကို အနိုင်ရရင် နောက်တဆင့်တက်ဖို့ အလားအလာ ကောင်းမှာမို့ ဒီပေး၊ ဖက်ကီယာ စတဲ့ အဓိက ကစားတွေနဲ့ ပွဲထွက်ခဲ့သလို မန်စီးတီးအသင်းကလည်း အဂွေရို၊ ဆာနေး၊ ဆေးလ်ဗား၊ မာရက်ဇ်၊ စတာလင်၊ ဖာနန်ဒင်ဟိုတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
ဧည့်သည် မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက်ကန်သွင်းခွင့်မှာ အနည်းငယ် အသာရခဲ့ပေမယ့် အဖွင့်ဂိုးကိုတော့ အိမ်ရှင်အသင်းက ရသွားပြီး ပွဲချိန် ၅၅ မိနစ်မှာ ကော်နက်က သွင်းယူပေးခဲ့ပါတယ်။
မန်စီးတီးအတွက် ချေပဂိုးကို ၆၂ မိနစ်မှာ လာပေါ်တေးက သွင်းယူခဲ့ပေမယ့် ကော်နက်ကပဲ ၈၁ မိနစ်မှာ ဦးဆောင်ဂိုး ထပ်သွင်းပြီး အိမ်ရှင်အသင်း ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၃ မိနစ်မှာ မန်စီးတီး တိုက်စစ်မှူး အဂွေရိုက ချေပဂိုး သွင်းယူခဲ့လို့ ပွဲအပြီးမှာ တဖက် ၂ ဂိုးစီ သရေကျသွားပါတယ်။
မနေ့ကပဲ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စု အက်ဖ်က ဟော်ဖန်ဟိမ်းနဲ့ ရှက်တာဒိုးနက်တို့ ပွဲစဉ်မှာတော့ ရှက်တာဒိုးနက်က ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီအုပ်စုက ၅ ပွဲစီ ယှဉ်ပြိုင်အပြီးမှာတော့ မန်စီးတီးက ရမှတ် ၁၀ မှတ်နဲ့ အုပ်စု ထိပ်ဆုံးမှာ ဦးဆောင်ထားနိုင်သလို ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီး လိုင်ယွန်က ၇ မှတ်နဲ့ အုပ်စု ဒုတိယ၊ ရှက်တာဒိုးနက်က ၅ မှတ်နဲ့ တတိယ၊ ဟော်ဖန်ဟိမ်းက ၃ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
2 years Ago