ရွာသား ၉ ဦးကို

June 3, 2017

ရွာသား ၉ ဦးကို သတ်ဖြတ်ခဲ့သည့် ဆင်ရိုင်းကြီးအား ဘယ်လိုဖမ်းသလဲ (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ၃ နှစ်တာကာလအတွင်းမှာ လူပေါင်း ၉ ဦးကို တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့ ဆင်ရိုင်းကြီးကို သက်ဆိုင်ရာက ဖမ်းဆီးပြီး ပြန်လည်ယဉ်ပါးလာအောင် ထိန်းသိမ်း လေ့ကျင့်ပေးဖို့ စခန်းဆီ ပို့ဆောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဆိုပါဆင်ကြီးဟာ အသက် ၄၀ အရွယ်ရှိနေပြီဖြစ်ကာ ၃ နှစ်တာကာလအတွင်း မှာ အနီးအနားရွာတွေအနား အသံပေးချဉ်းကပ်လာတာနဲ့ ရွာသားတွေဟာ ထိတ်လန့်နေခဲ့ ကြရတယ်လို့ မေရာသတင်းမှာ ဇွန်လ ၁ ရက်နေ့က ဖော်ပြပါတယ်။ သစ်တောနဲ့ သဘာဝသားရိုင်းတိရစ္ဆာန်ထိန်းသိမ်းကာကွယ်ရေးသမားတွေဟာ အဆိုပါ ဆင်ရိုင်းကြီးကို ရှာဖွေနေခဲ့ကြပြီး မြစ်တခုအနီး တွေ့ရှိချိန်မှာ တခြားယဉ်ပါးတဲ့ ဆင် ၄ ကောင်နဲ့ မျှားကာ ဖမ်းဆီးနိုင်ခဲ့ကြတာပါ။ အဲဒီဆင်ရိုင်းကြီးရဲ့ တိုက်ခိုက်မှုကြောင့် ဒီသေဆုံးမှုတွေအပြင် တခြား ၂ ဦးဟာလည်း ထိခိုက်ဒဏ်ရာတွေ ရရှိထားခဲ့ကြတာပါ။ သူ့ကို ကျုံးသွင်းထောင်ကာ ဆင် ၄ ကောင်နဲ့ မျှားပြီး ဖမ်းဆီးခဲ့ပြီးနောက်မှာတော့ ကုန်တင်ထရပ်ကားကြီးနဲ့ တင်ကာ ခေါ်ဆောင်သွားဖို့ ကြိုးစားခဲ့ကြရပါတယ်။ ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ အေရမ်ဇက်ချရီယာက “ခုလို ဖမ်းဆီးနိုင်ဖို့ ကျနော်တို့ မနက်အစောကြီး ၃ နာရီလောက်မှာ စတင်ခဲ့ရပါတယ်။ ၇ နာရီလောက်မှာ သူ့ကို စိတ်ငြိမ်ဆေးသွင်းထားတဲ့ မြားနဲ့ ပထမအကြိမ် ပစ်နိုင်ခဲ့တာပါ။ မနက် ၉ နာရီလောက်မှာတော့ ကားပေါ်ကို အပြီးသတ်တင်ပြီး ဖမ်းဆီးနိုင်ခဲ့တာပါ”လို့ ပြောပါတယ်။ ဒီဆင်ကြီးဟာ ၂၀၁၄ ခုနှစ်၊ ဧပြီလမှာ လယ်သမားတဦးကို ပထမဆုံး စတင်သတ်ဖြတ်ခဲ့တာ ဖြစ်ပြီး ၃ နှစ်တာအတွင်းမှာတော့ လူပေါင်း ၉ ယောက်တိတိ သေဆုံးခဲ့ရပြီးပြီလို့ သစ်တောအရာရှိတွေက ပြောပါတယ်။
4 years Ago
Up