အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ရွန်နီ အရက်မူးပြီး ကားတိုက်မှုဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရွန်းနီရဲ့အမျိုးသမီးမိတ်ဆွေ လော်ရာဆင်မ်ပ်ဆင်က နောက်ထပ်ကားတိုက်မှု တခုမှာလည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။
လော်ရာဆင်မ်ပ်ဆင်ကို စားသောက်ဆိုင်အပြင်ဘက်က ပေါင် ၅ သောင်းတန် ဂျာဂွါကားကို ဝင်တိုက်တယ်လို့စွပ်စွဲပြီး ရဲတွေကို အကြောင်းကြားခဲ့ပေမယ့် လော်ရာကတော့ သူမဒီကားကို မတိုက်ခဲ့ကြောင်း ငြင်းဆန်ထားတယ်လို့ သိရပါတယ်။
ခုစွပ်စွဲခံရတဲ့ ကားတိုက်မှုက လော်ရာရဲ့ ဗီဒဗလျူဘီတယ်ကားကို အင်္ဂလန်ဘောလုံးအသင်း ခေါင်းဆောင်ဟောင်း ရွန်းနီက ယူမောင်းပြီး ကားတိုက်မှုဖြစ်ခဲ့တာမတိုင်ခင် ရက်သတ္တပတ်တွေက ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ရွန်နီ မူးယစ်ပြီး ကားမောင်းခဲ့မှုနဲ့ ဖမ်းဆီးခံရစဉ် သူမက ခရီးသည်ခုံမှာ ထိုင်နေတယ်လို့လည်း သိရပါတယ်။
လော်ရာရဲ့မွေးရပ်မြို့ဖြစ်တဲ့ မန်ချက်စတာနား အိုယာလမ်မြို့က ဘုတ်ဟောက်စ်စားသောက်ဆိုင် အပြင်ဘက်မှာ ရပ်နားထားတဲ့ အစိမ်းရောက် ဂျာဂွါအက်ဖ် အမျိုးအစားကားရဲ့ ပျက်စီးမှုတန်ဖိုးက ပေါင် ၁၅၀၀ ရှိပြီး အာမခံကုမ္ပဏီကလူတွေက ယာဉ်မတော်တဆတိုက်မှုကို စုံစမ်းနေကြတယ်လို့ သိရပါတယ်။
လော်ရာက သူမရဲ့လက်တလောဒူဘိုင်းခရီးစဉ် ပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး သူမ ဗီဒဗလျူဘီတယ်ကားကို မောင်းသွားခဲ့တာလို့ ပြောထားပါတယ်။
အမည်မဖော်လိုတဲ့ အတိုက်ခံရတဲ့ ဂျာဂွါကားပိုင်ရှင်က “ကျနော် သူမကို လူမှုကွန်ရက်ပေါ်မှာ ချဉ်းကပ်ပြောဆိုခဲ့ပေမယ့် သူမက ဘာမှမပေးဘဲ မချေမငံဆက်ဆံခဲ့တယ်။ ဒါကြောင့် ကျနော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး။ ရဲကိုဆက်သွယ်ရုံပဲ ရှိတယ်” လို့ ပြောပါတယ်။
ဂျာဂွါကားပိုင်ရှင်က သူငယ်ချင်းတယောက် ငါးမျှားနေတာကို ကြည့်နေချိန် ည ၈ နာရီမှာ စားသောက်ဆိုင် အပြင်ဘက်မှာ ကားတိုက်သံကို ကြားလိုက်ရကြောင်း၊ သူ့ကားဆီ အပြေးသွားကြည့်တော့ ကားပျက်စီးနေကြောင်း၊ ကားအနောက်ဘက်ထောင့်နဲ့ အရှေ့ဘက်ဘမ်ပါမှာ ပျက်စီးပြီး အစင်းရာတွေ ဖြစ်သွားကြောင်း ပြောပါတယ်။
“ကျနော်တို့က တကျောင်းတည်း အတူတက်ခဲ့တော့ လော်ရာကို ကျနော်နည်းနည်း သိတယ်၊ ကားမတိုက်ခင် အစောပိုင်းတုန်းက သူမကို ကလေးအချို့ သူမရဲ့မိတ်ဆွေအချို့နဲ့ ကျနော်တွေ့ခဲ့တယ်” လို့ ပြောပါတယ်။
ကားပိုင်ရှင်နဲ့ ရွန်နီရဲ့ အမျိုးသမီးမိတ်ဆွေ လော်ရာတို့ လူမှုကွန်ရက်ပေါ်မှာ အပြန်အလှန်ရေးသား စွပ်စွဲငြင်းဆန်နေကြပြီး ကားတိုက်မှုဖြစ်ပြီး နောက်တနေ့မှာ ကားပိုင်ရှင်က ရဲကို ဆက်သွယ်ခဲ့တာပါ။ လော်ရာနဲ့ တိုက်ရိုက်မဖြေရှင်းရသေးလို့ ကားပိုင်ရှင်အနေနဲ့ စိတ်ပျက်နေပြီး သူအနေနဲ့ ကားတိုက်ခံရမှုမှာ လော်ရာကို အခိုင်အမာပဲ ဆက်လက်စွပ်စွဲတယ်လို့ ပြောကြောင်း မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
6 years Ago